အာဏာသိမ်းစစ်ကောင်စီဖျက်သိမ်းရန်

February 10, 2021

အာဏာသိမ်းစစ်ကောင်စီဖျက်သိမ်းရန် အင်းတော်ဒေသခံ သောင်းချီ ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ဖေဖော်ဝါရီ ၁၀ ရက်မနက်က စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ စစ်အစိုးရဖွဲ့စည်းထားတဲ့ တိုင်းကောင်စီ/ပြည်နယ်ကောင်စီတွေဖျက်သိမ်းရေး    တောင်းဆိုတဲ့အနေနဲ့ ဒေသခံအင်အား သောင်းချီ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

မနက် ၉ နာရီအချိန်မှ အင်းတော်-ဗန်းမောက် ကားလမ်းမှ စတင်ကာ မြို့တွင်း လှည့်လည်ခဲ့ကာ စစ်အာဏာရှင်အစိုးရ အလိုမရှိ၊  ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးခေါင်းဆောင်များ ချက်ချင်းလွှတ်၊ အရေးတော်ပုံ အောင်ရမည် စတဲ့ ကြွေးကြော်သံတွေနဲ့  လှည့်လည်ခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်စစ်ကြောင်းမှာ ထွေအုပ်၊ ကျန်းမာရေး၊ လျှပ်စစ်၊ မီးရထား၊ စည်ပင်၊ ပညာရေး စတဲ့ ဌာနဆိုင်ရာဝန်ထမ်းအချို့လည်း ပါဝင်လာတာတွေ့ရပါတယ်။

အင်းတော်မြို့တွင်းမှ အင်းတော်-ဗန်းမောက် ကားလမ်းမတစ်လျှောက် လှည့်လည်ပြီး  အင်းတော် မြို့သူမြို့သားတွေက သဘောထားကြေညာချက်ကို ၃ ချက်ကို ဖတ်ကြားပြီး ဆန္ဒထုတ်ဖော်ပွဲကို ရုပ်သိမ်းခဲ့ပါတယ်။

အဆိုပါကြေညာချက်မှာ စစ်မှန်တဲ့ လူထုဆန္ဒမဲနဲ့ တက်လာတဲ့ ၂၀၂၀ ရွေးကောက်ခံ အစိုးရအား အမြန်ဆုံး အာဏာအပ်နှင်းရန်၊ ဖမ်းဆီးခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားခေါင်းဆောင်တွေကို အမြန်ဆုံး ပြန်လွတ်ပေးရန်၊ လက်ရှိ စစ်အစိုးရက ဖွဲ့စည်းနေတဲ့ တိုင်းကောင်စီ/ပြည်နယ်ကောင်စီတွေကို (လုံးဝ)အမြန်ဆုံး ဖျက်သိမ်းပေးရန် အချက် ၃ ချက်ပါရှိ ပါတယ်။

ကိုကိုလင်း (အင်းတော်)

2 years Ago
Up