အာဏာသိမ်းခွင့်

March 12, 2020

အရေးပေါ်အခြေအနေတွင် စစ်တပ်က အာဏာသိမ်းခွင့် ဆက်လက်ရရှိ    

အရေးပေါ်အခြေအနေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အာဏာသိမ်းခွင့် အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်သွားပါတယ်။     ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေကို ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ၃ ရက်မြောက်နေ့အဖြစ် ဆက်လက် မဲခွဲဆုံးဖြတ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။  မတ်လ ၁၂ ရက် တတိယမြောက်နေ့ထိ သုံးရက်တာကာလအတွင်း ပုဒ်မပေါင်း ၄၃ ခု ကို မဲခွဲဆုံးဖြတ်ခဲ့တာမှာ  ပုဒ်မ နှစ်ခုပဲ အတည်ပြုနိုင်ပါသေးတယ်။ ဒီကနေ့ တတိမြောက်နေ့မှာလည်း ပုဒ်မ ၄၃၆(က)မှာ အကျုံးဝင်ပြီး အရေးပေါ် အခြေအနေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာနဲ့ ဆက်နွှယ်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို မဲခွဲဆုံးဖြတ်တာမှာလည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်တဲ့အတွက် မပြင်ဆင်နိုင်ခဲ့ပါဘူး။ အရေးပေါ်အခြေနဲ့ပတ်သက်ပြီး ပုဒ်မ ၄၀(ဂ)မှာ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ဆူပူ သောင်းကျန်းမှု၊ အကြမ်းဖက်မှုစတဲ့ အဓမ္မနည်းနဲ့ရယူဖို့ ဆောင်ရွက်တာ၊ ကြိုးပမ်းအားထုတ်တာ တွေကြောင့် ပြည်ထောင်စုပြိုကွဲစေမယ့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမယ့်၊ အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးစေမယ့် အရေးပေါ်အခြေအနေပေါ်ပေါက်ရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ပြဋ္ဌာန်းချက် တွေနဲ့ ရယူသုံးစွဲ ခွင့်ရှိတယ်ဆိုပြီး ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အရင်အစိုးရလက်ထက် ပထမအကြိမ်လွှတ်တော် သက်တမ်းအတွင်း ပြင်ဆင်ဖို့ကြိုးစားခဲ့တာမှာလည်း ထင်သလောက် အောင်မြင်မှုမရခဲ့ပါဘူး။ လက်ရှိ အန်အယ်လ်ဒီဦးဆောင်တဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာလည်း ပေးထားတဲ့ကတိအတိုင်း ပြည်သူတွေရဲ့ အကျိုးဆန္ဒနဲ့ ပြင်ဆင်ရေးဆောင်ရွက်နေပေမယ့် ပြင်ဆင်လို့ မရတာ သေချာတယ်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါက်တာလှမိုးက ပြောပါတယ်။ “ဒီလိုသေချာတဲ့အတွက်ကြောင့်မို့လို့ ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေကြရမှာပေါ့။ ဘယ်လိုနည်းလမ်းနဲ့ဆို ပြင်ဆင်လို့ရမလဲ၊ ဘယ်လိုနည်းလမ်းနဲ့ဆို ပြင်ဆင်ဖို့ရာ အခါအခွင့်သင့်မလဲ ဆိုတာ အားလုံးအဆက်ဆက် ဒီ ၂၀၀၈ ဖွဲ့စည်း ပုံကြီးပြင်ဆင်ဖို့ရာအတွက် မည်သူမဆို ကြိုးစားနေ ကြရဦးမှာဖြစ်ပါတယ် ” လို့ ဒေါက်တာလှမိုးက ပြောပါတယ်။ မနက်ဖြန် မတ်လ ၁၃ ရက် စတုတ္ထမြောက်နေ့မှာ ပုဒ်မ ၄၃၆(က)နဲ့ အကျုံးဝင်တဲ့ ဥပဒေမူကြမ်းရဲ့ နောက်ဆုံးကျန်တဲ့ ပုဒ်မ ၁၂ ခုကို မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ ပုဒ်မ ၄၃၆(က) အကျုံးဝင်တဲ့ ဥပဒေမူကြမ်းပြီးရင် ပုဒ်မ ၄၃၆(ခ)နဲ့ အကျုံးဝင်တဲ့ ဥပဒေမူကြမ်းကို ဆက်လက် မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။
2 years Ago
Up