အာဏာလွှဲယူရေးလုပ်ငန်းစဉ်

November 24, 2020

အာဏာလွှဲယူရေးလုပ်ငန်းစဉ် စတင်ရန် စီမံခန့်ခွဲရေးဌာနချုပ်က ဘိုင်ဒင်ထံ အကြောင်းကြား

အမေရိကန်ပြည်ထောင်စု စီမံခန့်ခွဲရေးဌာနချုပ် GSA က ဘိုင်ဒင် အာဏာလွှဲယူနိုင်ရေးနဲ့ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရေး ဦးစီးဖို့ လုပ်ငန်းစဉ်တွေကို တရားဝင် စတင်နိုင်ပြီလို့ နိုဝင်ဘာ ၂၃ ရက်မှာ အကြောင်းကြားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း GSA အုပ်ချုပ်ရေးမှူး အီမီလီမာဖီနဲ့ သူ့အဖွဲ့ဟာ ကနဦးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး လုပ်ဖို့ လိုအပ်တာတွေကို လုပ်သင့်တယ်။ သူ့ရဲ့ အဖွဲ့ကိုလည်း အလားတူ အကြောင်းကြားခဲ့ပြီးပြီလို့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။  GSA အဖွဲ့ရဲ့ အကြောင်းကြားချက်အရ ဘိုင်ဒင်ရဲ့ အဖွဲ့ဟာ ပြည်ထောင်စုရန်ပုံငွေကို အခု ရတော့မှာဖြစ်ပြီး လာမယ့် နှစ်လကျော်မှာ အစိုးရအာဏာလွှဲပေးဖို့ တရားဝင်ရုံးကိုလည်း ရတော့မှာ ဖြစ်ပါတယ်။ ထရမ့်ရရှိနေတဲ့ ပုံမှန်အမျိုးသားလုံခြုံရေးအစည်းအဝေးက အသေးစိတ်ရှင်းလင်း ညွှန်ကြားချက်တွေကို ဘိုင်ဒင်ရော ရွေးကောက်ခံ ဒုသမ္မတ ကာမာလာဟာရစ်ပါ ရဖို့ လမ်းကြောင်း ပွင့်သွားပါပြီ။ နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီဝင် သမ္မတလောင်း ဂျိုးဘိုင်ဒင် အနိုင်ရတယ်လို့ အမေရိကန်နိုင်ငံ မီချီဂံပြည်နယ် ပြည်သူ့မဲဆန္ဒခံယူရေးဘုတ်အဖွဲ့က အတည်ပြု ထုတ်ပြန်အပြီး GSA က အခုလို အကြောင်းကြားတာလည်း ဖြစ်ပါတယ်။ ဒီတရားဝင် ထောက်ခံချက်ကြောင့် ဘိုင်ဒင်ရဲ့ အောင်ပွဲကို ငြင်းဖို့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အားထုတ်မှုတွေ အောင်မြင်ဖို့ ပိုဝေးသွားတာပါ။ ထရမ့်ကတော့ ရွေးကောက်ပွဲ မသမာမှုတွေ လိမ်လည်မှုတွေ ရှိတယ်လို့ သက်သေမပြဘဲ အခိုင်အမာ ပြောဆိုနေခဲ့တာပါ။ မီချီဂံပြည်နယ်မှာ ဘိုင်ဒင်ဟာ ထရမ့်ထက် မဲအသာ တသိန်းခွဲနဲ့ နိုင်လို့ တနိုင်ငံလုံး မဲရဲ့ ၃ ရာခိုင်နှုန်းနီးပါးကို ရခဲ့တာပါ။ ဒီအချက်ကို ရွေးကောက်ပွဲ ဘုတ်အဖွဲ့က တရားဝင် သက်သေပြခဲ့ပါတယ်။
5 months Ago
Up