အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲ

October 6, 2021

“အာဏာရှင်စနစ်အောက်မနေချင်ဘူးဆိုရင် အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲမှာ အတူတကွပါဝင်ကြဖို့ လိုတယ်”- ပဒိုစောလှထွန်း

လက်ရှိ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးလှုပ်ရှားမှု တော်လှန်မှုအပြင် တိုင်းပြည်ပြန်လည်ပြုပြင်ပြောင်းလဲရေး ကေအန်ယူရဲ့ ပါဝင်လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး ကေအန်ယူ အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနဲ့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး— လက်ရှိကေအန်ယူနယ်မြေထဲမှာ ဘယ်ဒေသတွေက တိုက်ပွဲအဖြစ်များလဲ။ ပြီးတော့ ဘာကြောင့် ဖြစ်ရလဲဆိုတာ အရင်ဆုံး ပြောပြပေးပါလား။

ဖြေ— “ကျနော်တို့ တပ်မဟာ ၇ ခုလုံးမှာတော့ လက်ရှိ ဒီအခြေအနေ၊ ဒီကာလအထိကတော့ တိုက်ပွဲကြီးငယ်တွေကတော့ ဖြစ်နေတာပဲပေါ့နော်။ ဆိုတော့ သူတို့ဘက်က စစ်ရေးအရ နဂိုကတည်းက ကေအန်ယူနယ်မြေထဲမှာ သူတို့ ရှိတယ်ထင်တဲ့ ဒီ PDF ကို လည်းကောင်း၊ အန်ယူဂျီတို့ အကြောင်းပြပြီးတော့ ကေအန်ယူနယ်မြေထဲကို ဝင်လာတဲ့အပေါ်မှာတော့ ထိတွေ့မှုတွေတော့ ဒီလတွေထဲမှာတော့ ရှိခဲ့တာပေါ့နော်။ ဥပမာ တပ်မဟာ ၄ တို့၊ တပ်မဟာ ၆ တို့၊ တပ်မဟာ ၇ ထဲမှာလည်း ထိတွေ့မှုတွေဖြစ်စဉ်တွေလည်း ရှိလုနီးပါးအထိ ဖြစ်တာပေါ့နော်။ ကျန်တဲ့တပ်မဟာတွေမှာလည်း သူတို့ဒီထိတွေ့မှုတွေအပြင် သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိတဲ့ အတွက် ပုံမှန်တိုက်ပွဲတွေ ဖြစ်နေတာတွေ ရှိနေတာပေါ့နော်။ ဒါက ကျနောတို့ တွေ့မြင်ရတဲ့ တိုက်ပွဲဖြစ်ပေါ်တဲ့ အခြေအနေပေါ့နော်။”

မေး— တိုက်ပွဲက ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဘယ်လကနေစပြီး တိုက်ပွဲများလာတွေရှိလဲ။ အဓိက ဘယ်တပ်မဟာက များတာလဲရှင်။

ဖြေ— “အဓိက တိုက်ပွဲများတာက ကျနော်တို့ ပြန်ကြည့်ရင် အာဏာသိမ်းမှုအလွန်မှာတော့ အဓိက ကျနော်တို့ မြောက်ပိုင်းတပ်မဟာတွေမှာတော့ တိုက်ပွဲပိုဖြစ်များတာပေါ့နော်။ ဆိုတော့ ကျနော်တို့ ဒေသမှာ မြောက်ပိုင်းတပ်မဟာ ၄ ခုလုံးကတော့ တိုက်ပွဲတွေ ဖြစ်တာပဲ။ အထူးသဖြင့် တပ်မဟာ ၁၊ တပ်မဟာ ၅ လည်း ဖြစ်နေတာရှိသလို တပ်မဟာ ၃ လည်း ပိုပြီးတော့ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်လာတာတွေ များတာပေါ့နော်။ တပ်မဟာ ၄ ၊ တပ်မဟာ ၆ မှာလည်း အခုန ပြောသလို သူတို့လုပ်လာတဲ့ စစ်ဆင်ရေးပုံစံမျိုးနဲ့ နယ်မြေကျော်လွန် သွားလာတဲ့အပေါ့မှာတော့ ထိတွေ့မှု တော်တော်များများ ရှိခဲ့တာပေါ့နော်။ အကြိမ်ရေကလည်း အခု စိတ်လာတာပေါ့နော်။”

မေး— ဒီတိုက်ပွဲက ဘာကြောင့်ဖြစ်ရတာလဲ၊ စစ်ကောင်စီတပ်တွေ တက်လာလို့ပဲ ဖြစ်တာလား၊ သို့မဟုတ် တခြားအကြောင်းအရာတွေကြောင့် ဖြစ်တာရှိလား။

ဖြေ— “တိုက်ပွဲက ဘာလို့ဖြစ်သလဲဆိုရင်တော့ အဓိကကတော့ သူတို့ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိလာလို့ပဲ တိုက်ပွဲဖြစ်တယ်လို့ ပြောလို့ရတာပေါ့လေ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က ကိုယ့်ရဲ့နယ်မြေ၊ ကိုယ့်ရဲ့ဒေသ၊ ကိုယ့်ရဲ့ထိန်းချုပ်မှုနယ်မြေမှာ ကိုယ့်ဘာသာကိုယ်ပဲ ရှိနေတာလေနော်။ ကျနော်တို့ရှိတဲ့နေရာမှာ သူတို့က ကျနော်တို့ ကေအန်ယူရဲ့ ထိန်းချုပ်မှု နယ်မြေတွေရှိတဲ့ ကိုယ့်ရဲ့ နေရာဒေသတွေကို သူတို့လာပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ မရှိဘူး၊ စစ်ဆင်ရေးတွေ မလုပ်ဘူးဆိုရင် တိုက်ပွဲတွေ ဖြစ်လာစရာတော့ အကြောင်းမရှိပါဘူးနော်။ ကျနော်တို့တွေက ကိုယ့်ရဲ့နယ်မြေ၊ ကိုယ့်ရဲ့ဒေသတွေမှာပဲ ရှိနေတာဖြစ်တဲ့အတွက် သူတို့တွေရဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတွေကြောင့်သာ တိုက်ပွဲဖြစ်ပေါ်လာရတယ်လို့ ပြောလို့ရတယ်။ သူတို့ဘာသာ သူတို့ သူ့ရဲ့ဒေသ၊ သူ့ရဲ့တိုင်းတွေမှာ နေမယ်ဆိုရင် ဒီတိုက်ပွဲတွေက ဖြစ်ပေါ်လာစရာ အကြောင်းတော့ မရှိဘူးပေါ့နော်။”

မေး— နောက်ရှေ့ဆက်ပြီးတော့လည်းတိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တဲ့အလားအလာ ရှိလား။

ဖြေ— “ဒါကတော့ သူတို့ရဲ့အပေါ်မှာပဲ မူတည်တာပေါ့။ အဓိကကတော့ အခုန သူတို့ရဲ့စစ်ဆင်ရေးကို ဘယ်လို ဆောင်ရွက်မလဲပေါ့။ သူတို့ဘက်ကတော့ ပြောနေတာပဲ အပစ်အခတ်ရပ်စဲရေးတွေ လုပ်တယ်။ အပစ်အခတ် ရပ်စဲရေးတွေ လုပ်တယ်လို့ သူတို့ ပြောနေပေမဲ့လည်း မြေပြင်မှာတော့ အပစ်ခတ်ရပ်စဲရေးကို ဖော်ပြတဲ့ နေမှုထိုင်မှုတွေက ပေါ်နေပြီလေ။ ဆိုတော့ဒါက သူတို့ ရှေ့ဆက် လုပ်လာမယ့်အပိုင်းမှာတော့ ပိုမူတည်တာပေါ့နော်။ သူတို့ဘက်က လုပ်လာရင်တော့ စစ်ပွဲတွေက ပိုများလာမယ်။ တိုက်ပွဲတွေ ပိုဖြစ်လာမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုကာလက မိုးရာသီ မဟုတ်တော့ဘဲနဲ့ ပွင့်လင်းရာသီနဲ့ ခြောက်သွေ့ရာသီမှာတော့ များသောအားဖြင့်က စစ်ရေးစစ်ရာ ဆိုင်ရာ လှုပ်ရှားမှုတွေ ပိုများလာတတ်တဲ့ရာသီ ဖြစ်တာပေါ့နော်။ အဲဒီအပေါ်မှာတော့ သူတို့ဘက်က စစ်ဆင်ရေးတွေ၊ ထိုးစစ်တွေ လုပ်လာမယ်ဆိုရင်တော့ ဒီတိုက်ပွဲတွေ များလာဖို့ရှိတာပေါ့နော်။”

မေး— စစ်ကောင်စီဘက်က အောက်တိုဘာ ၁ ရက်နေ့ကနေစပြီးတော့ ၅ လ အပစ်အခတ် ရပ်စဲတယ်ဆိုပြီး ကြေညာထားတာပေါ့နော်။ ဒီကြေညာချက်အပေါ် ဘယ်လိုမြင်လဲ၊ ကေအန်ယူအနေနဲ့ ဒီကြေညာချက်ကိုကော ယုံကြည်မှုရှိလား။

ဖြေ— “အဓိက ပြန်ကြည့်ရင်တော့ တပ်မတော်ဘက် သို့မဟုတ် စစ်တပ်ဘက်က စိတ်ရင်းစေတနာ မှန်မှန်နဲ့ ရှိဖို့လိုတယ်။ ပြသဖို့လည်း လိုတာပေါ့နော်။ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် သူတို့ရဲ့ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ စစ်ရေးဆိုင်ရာရပ်စဲဖို့ အပစ်အခတ်ရပ်စဲရေးကို ပြီးခဲ့တဲ့ ၂၀၁၉ ကတည်းကနေ အဓိကကတော့ ကျနော်တို့ ဒီမြောက်ပိုင်း မဟာမိတ်အဖွဲ့တွေနဲ့ အဓိက အပစ်အခတ် ရပ်စဲရေးကို လစဉ်အလိုက် သူတို့ လုပ်လာခဲ့တာ ရှိတာပေါ့နော်။ အဲဒီတုန်းကဆိုရင်တော့ အဓိက တိုက်ပွဲတွေ ဖြစ်နေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်လာတဲ့ သဘောလို့ ကျနော်တို့ တွေ့ရတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကလည်း အပြန်အလှန်ပဲ ဘယ်နှလ အပစ်ရပ်လိုက်တယ်ပေါ့နော်။ ဒါပေမဲ့ တကယ့်မြေပြင်လက်တွေ့မှာတော့ အပစ်ရပ်တယ်လို့ပဲသူတို့ စာရွက်ပေါ်မှာပြောပြော၊ မြေပြင်မှာတော့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။ ဆိုတော့ အဲဒီပေါ်မှာ ပြန်ကြည့်ရင်တော့ သူတို့က စပြီးတော့ ထုတ်ပြန်လာတဲ့ အပစ်အခတ်ရပ်စဲရေး လစဉ် ထုတ်လာတဲ့ပေါ်မှာကော အခုလက်ရှိ အခု ၅ လ ထုတ်လာတဲ့ပေါ်မှာရော မြေပြင် ground မှာကျတော့ ပစ်ခတ်တိုက်ခိုက်မှုတွေက တိုက်ပွဲတွေက ရှိနေတာပဲ၊ ပေါ်နေတာပဲပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒါတွေက အပစ်အခတ်ရပ်စဲရေး တကယ်လုပ်ချင်ရင်တော့ စိတ်ရင်းသဘောထား မှန်ဖို့ လိုသလို အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ သူတို့ရဲ့ နိုင်ငံရေးစိတ်ဆန္ဒ တကယ်ရှိဖို့လိုတာပေါ့နော်။ နိုင်ငံရေးစိတ်ဆန္ဒ တကယ်မရှိဘဲနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်တယ်ဆိုရင် အကျိုးသက်ရောက်မှုလည်း ရှိလာမှာ မဟုတ်ဘူး။ အခု တကယ်အပစ်အခတ်ရပ်စဲရေးကို လုပ်တယ်လို့ ပြောရင်လည်း စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေက အပစ်အခတ်ရပ်စဲရေးဘက်ကို ဦးတည်တဲ့ ပြုမူနေထိုင်မှုတွေက ရှိဖိုလိုတာပေါ့နော်။ အခုဆိုရင် အဲဒီလိုမဟုတ်ဘဲနဲ့ သူ့ရဲ့ စစ်အင်အားတိုးချဲ့မှုတွေ၊ အခုနထောက်ပို့တွေ၊ စစ်ကားတွေ၊ ရိက္ခာတွေ အများကြီးကို လှုပ်ရှားပို့ဆောင်နေတာမျိုးတွေ ရှိနေတာဖြစ်တဲ့အတွက် သူတို့ပြောတဲ့ အပစ်ရပ်ရေးဆိုတဲ့အရာက တော်တော်ကို ကျနော်တို့ ယုံကြည်ဖို့ခက်ခဲတာပေါ့နော်။”

မေး— အခု ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုင်းရင်းသားဒေသ တော်တော်များများ ကချင်၊ ကယား၊ ကရင်၊ ချင်း လိုမျိုး အကုန်လုံးက တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်။ ထိုးစစ်ဆင်မှုတွေ ရှိလာတယ်။ ဆွေးနွေးမှုတွေ၊ အန်စီအေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှုတွေ မရှိကြတော့ဘူးပေါ့ နော်။ ဆိုတော့ အန်စီအေအရ ကြည့်မယ်ဆိုရင် နှစ်ဘက်အကြား ချုပ်ဆိုထားတဲ့ စာချုပ် ပျက်ပြယ်သွားပြီးလား။ ဘယ်လို သဘောရလဲ။

ဖြေ—  အန်စီအေ ဆိုတာက အပစ်အခတ်ရပ်စဲရေးလုပ်တော့ နိုင်ငံရေးဆွေးနွေးပွဲသွားဖို့ အဓိက ချုပ်ဆိုတဲ့ စာချုပ်ဖြစ်တာပေါ့နော်။ ဆိုတော့ အဲဒီစာချုပ်မှာ အဓိကပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့တွေက ကျနော်တို့ ပြောခဲ့သလိုမျိုးပဲ ဒီအစုအဖွဲ့တွေကြားမှာ ဘယ်သူတွေ တာဝန်ရှိနေကြသလဲပေါ့။ ဒီအစုအဖွဲ့တွေကို ကျနော်တို့ ပြောတဲ့နေရာမှာ ဒီအန်စီအေကို ထိုးခဲ့ကြတုန်းက သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ တပ်မတော် ပါတယ်။ နောက် EAOs ပါတယ်။ တဖက်မှာ အစိုးရဆိုတဲ့ လွှတ်တော်နဲ့အစိုးရဆိုတာ ပါတာပေါ့နော်။ အခု အာဏာသိမ်းပြီးနောက်မှာ ကျနော်တို့ ပြန်ကြည့်ရင် ဆိုက်တဘက်ကပဲ ရှိနေပြီး အစိုးရ၊ လွှတ်တော် ရှိမနေဘူး။ တပ်မတော်ကလည်း တကယ် အခုနကပြောတဲ့ တပ်မတော် မဟုတ်နေပြန်ဘူး။ အာဏာသိမ်းခဲ့လိုက်တဲ့သူ ဖြစ်တယ်။ သူ သိမ်းပစ်လိုက်တဲ့ အာဏာသိမ်းမှုကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ပျက်ပြယ်စေတဲ့ အခြေအနေအထိ အာဏာသိမ်းမှုတွေကလည်း ပေါ်လွင်နေတယ်။ တဖက်မှာ အဲဒီလိုလုပ်လိုက်တဲ့အတွက် အန်စီအေနဲ့ ဆက်စပ်တဲ့ ပါဝင်ပတ်သက်ခဲ့ကြတဲ့ အစုအဖွဲ့တွေက ရှိမနေတော့ဘူးပေါ့နော်။ ရှိမနေတော့တဲ့အတွက် အန်စီအေစာချုပ်ကတော့ သူ့ဘာသူပဲ ရှိနေတယ်။ တကယ်အန်စီအေပါ အကြောင်းအရာ အချက်အလက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အခုနက ပြောတဲ့ နိုင်ငံရေး ဆွေးနွေးပွဲအရသော် လည်းကောင်း၊ အပစ်အခတ်ရပ်စဲရေးအရသော်လည်းကောင်း ဘယ်လိုမှကို  အကောင်အထည်ဖော်လို့မရတော့တဲ့ အပိုင်းတွေ ဖြစ်သွားတာပေါ့နော်။ ဆိုတော့ လက်ရှိအခြေအနေအရကတော့ အန်စီအေအပေါ်မှာ အဲသလိုပဲ ရှိနေကြတယ်။ စာချုပ်သည် အခုန စာချုပ်ပဲဖြစ်တယ်။ ဒါပေမဲ့ ဒီစာချုပ်ပေါ်မှာ ကျနော်တို့ ဘာမှ လုပ်လို့မရတော့ဘူးပေါ့နော်။”

မေး— စာချုပ်ကတော့ ရှိနေတယ်။ ဘာမှ လုပ်လို့မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ်က ဘယ်လို ပြောရမလဲ၊ ပျက်ပြယ်ပြီလို့ ပြောလို့ရလား။ သို့မဟုတ် ပယ်ဖျက်ဖို့လိုသေးတာလား။

ဖြေ— “စာချုပ်သဘောသဘာဝအရ ကျနော်တို့ ပြန်ကြည့်ရင်တော့ ပုံစံကတော့ အမျိုးမျိုး ရှိတာပေါ့နော်။ ဥပမာ- ပင်လုံစာချုပ်ဆိုတာလည်း ကျနော်တို့ ရှိခဲ့တယ်။ ဖြစ်ခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ လက်ခံတဲ့သူရှိသလို၊ လက်မခံတဲ့လူတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ ကနေ့အထိက ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို ကျနော်တို့ ပြောရင် ပင်လုံစာချုပ်က ကျနော်တို့ ပြောဆိုနေရတုန်းပဲပေါ့နော်။ ဒီအချိန်မှာ ဒါက နိုင်ငံရေးအရ ကျနော်တို့ ဆွေးနွေးတာကလည်း ဒီအခင်းအကျင်းတွေက ရှိတာပေါ့နော်။ အဲဒီအတိုင်းပဲ ကမ္ဘာ့နိုင်ငံရေးစာချုပ်တွေ ကျနော်တို့ ပြည်ကြည့်မယ်ဆိုရင်လည်း စာချုပ်ဆိုတာ ရှိတာပေါ့နော်။ လက်ခံတဲ့နိုင်ငံတွေနဲ့ သတ်မှတ်ထားချက်တွေ အောက်မှာ ဒီစာချုပ်ကို လက်ခံနိုင်တဲ့ နိုင်ငံတွေက စာချုပ်အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တယ်။ လက်မခံတဲ့သူတွေကတော့ သူ့ရဲ့ လက်မခံတဲ့နိုင်ငံတွေ အခုနက ရှိနေတယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ စာချုပ်လက်ခံနိုင်တဲ့ အခြေအနေပေါ်မှာ စာချုပ်သက်ဝင်မှုက ရှိသလို လက်မခံနိုင်လို့ ပြန်လည်နုတ်ထွက်တဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်း ရှိတာပေါ့နော်။ ဆိုတော့ စာချုပ်ရဲ့ သဘောသဘာဝအရတော့ စာချုပ်ကတော့ သူ့ဘာသူပဲ ရှိနေတယ်။ အကောင်အထည်ဖော်မှုမှာ အကောင်ထည်ဖော်လို့ရတဲ့ လက်ခံတဲ့သူတွေနဲ့ လက်မခံတဲ့သူတွေကြားမှာတော့ ဒီစာချုပ်ရဲ့ အသက်ဝင်မှု၊ အသက်မဝင်မှုကတော့ သွားသက်ဆိုင်တာပေါ့နော်။”

မေး— နောက်တခုက ကေအန်ယူ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းရဲ့ စာမှာ ဒီ အန်စီအေစာချုပ်က ရှိနေသေးတယ်။ အခု ၆ နှစ်မြောက် နှစ်ပတ်လည်လည်း ရောက်တော့မယ် ပေါ့နော်။ ဆိုတော့ အဲဒီအန်စီအေ စာချုပ်ပါ အချက်အလက်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းထားတယ်ပေါ့နော်။ ဆိုတော့ ဒီစာနဲ့ပတ်သက်ပြီးတော့ ကေအန်ယူရဲ့ သဘောထားက ဘယ်လိုရှိလဲ။

ဖြေ— “ ကျနော်တို့ ဘယ်လိုမှတော့ ပြောလို့ရမဘူး။ ဒါက သူ့ရဲ့အမြင်သဘောထားနဲ့ ပြောခဲ့တာ ဖြစ်တာပေါ့နော်။ အဖွဲ့အစည်းဆိုင်ရာကတော့ အခုန ကျနော်တို့ ဘာမှ မပြောလိုဘူး။ နောက်ပြီး အခုနက ကျနော် ပြောခဲ့သလိုပဲ။ စာချုပ်ဆိုတဲ့အပေါ်မှာ သိရှိနားလည်တဲ့ပုံစံနဲ့၊ ဖြစ်စေချင်တဲ့ ပုံစံတွေက အမြင်အမျိုးမျိုးနဲ့ ရှိနေကြတာပေါ့နော်။ အဲဒီပေါ်မှာတော့ ကျနော်တို့ ဘာမှ မပြောလိုဘူး။ ဒါက သူ့ရဲ့သဘောအရ ထုတ်တာပဲဖြစ်တာပေါ့နော်။”

မေး— ဆိုတော့ အန်စီအေနဲ့ပတ်သက်ပြီး ကေအန်ယူရဲ့ သဘောထားကကော အန်စီအေစာချုပ်ကို ဆက်လက်အကောင်အထည်ဖို့လိုတယ်လို့ ထင်လား၊ ဆက်လက်အကောင်အထည်ဖော်မှာလား။

ဖြေ— “ကျနော်တို့ ပြောခဲ့သလိုမျိုးပဲလေ။ အန်စီအေကို ကျနော်တို့ ထိုးခဲ့ရတဲ့ အကြောင်းအရင်းက နိုင်ငံရေးဆွေးနွေးပွဲကို အဓိက တက်လှမ်းဖို့၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖြစ်တာပေါ့နော်။ အဲလိုဖြေရှင်းဖို့အတွက် ကျနော်တို့ ကေအန်ယူက တစိုက်မတ်မတ် ကြိုးစားခဲ့တာပဲ ဖြစ်တယ်ပေါ့နော်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့က ကျနော်တို့ ၁၉၄၉ လက်နက်ကိုင်တော်လှန်ရေးစကတည်းက ဒီနိုင်ငံရေးလုပ်ငန်းစဉ် ပေါ်လစီကို ကျနော်တို့ ချခဲ့တာ ဖြစ်တာပေါ့နော်။ ကနေ့အထိကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ပေါ်လစီရပ်တည်ချက်အောက်က ကျနော်တို့ ကေအန်ယူက အစဉ်အမြဲ ကြိုးစားနေဆဲပဲပေါ့နော်။ ဒါလည်း ကျနော်တို့ ကြိုးစားရမှာ ဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ နိုင်ငံ နိုင်ငံရေးပြဿနာ မရှင်းမချင်းက၊ နိုင်ငံရေးပြဿနာကို ကျနော်တို့ မဖြေရှင်းမချင်း၊ ဒီနိုင်ငံရေးနဲ့ ကျနော်တို့ မျှော်မှန်းတဲ့ ရလဒ်တွေ မရမချင်း ပဋိပက္ခတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေက ကျနော်တို့အခုက ရှိနေမယ်။ ဒီအပစ်ရပ်ရတာတွေ လုပ်တယ်ဆိုတာက ကျနော်တို့ အခုန နိုင်ငံရေး ဆွေးနွေးပွဲကို တက်လှမ်းနိုင်ဖို့ ဖြစ်တာပေါ့နော်။ ဒါပေမဲ့ ဒီဘက်ကာလမှာ နိုင်ငံရေးဆွေးနွေး ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲ ဆွေးနွေးရမယ့်အခင်းအကျင်းက ကျနော်တို့ ပြောခဲ့သလို ဖြစ်တယ်။ Political Will မရှိတဲ့သူတွေရဲ့ အခြေအနေအောက်မှာတော့ ကျနော်တို့ ဘယ်လိုမှ နိုင်ငံရေး ဆွေးနွေးပွဲတော့ မဖြစ်နိုင်ဘူး။ ဖြစ်လာနိုင်ဖို့ကိုတော့ ကျနော်တို့ဆက်ပြီးတော့ ကြိုးစားကြရမှာ ဖြစ်တယ်။ ဒါက ကျနော်တို့အားလုံးရဲ့ ဒီနိုင်ငံမှာ ပါဝင်ပတ်သက်တဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေးနဲ့ ကျနော်တို့ တည်ဆောက်ချင်တဲ့၊ ကျနော်တို့ လိုချင်တဲ့ နိုင်ငံအတွက်ကတော့က ခုနပြောသလို ကျနော်တို့အားလုံးက နိုင်ငံရေးဆွေးနွေးပွဲ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အခင်းအကျင်း အောက်ကနေ ကျနော်တို့ ကြိုးစားကြရမှာဖြစ်တာပေါ့နော်။”

မေး— အခု ဒီလပိုင်းတွေကနေစပြီးတော့ ဒေသစုံ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ တိုက်ပွဲတွေက များလာတယ်။ စစ်ရှောင်ဒုက္ခသည်တွေကလည်း ပိုများလာတယ်ပေါ့နော်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကကြည့်ရင် ပြန်ကောင်းလာဖို့အတွက် မျှော်လင့်စရာမရှိဘူးပေါ့နော်။ အဲတော့ မြန်မာနိုင်ငံ ပြန်ကောင်းလာဖို့အတွက် ကေအန်ယူအနေနဲ့ ဘယ်လိုနည်းလမ်းက အကောင်းဆုံး ဖြစ်မလဲ၊ ဘယ်လိုတွေ လုပ်ဆောင်နေတယ်ဆိုတာ ပြောပြပေးပါလား။

ဖြေ— “အဓိက ပြဿနာအရင်းအမြစ်ကတော့ အဲလိုမျိုးအခြေအနေတွေ ရောက်အောင် ဖန်တီးတဲ့ သူတွေရဲ့ ဆောင်ရွက်မှုတွေကို အဓိက ကျနော်တို့ ပြောချင်တာပေါ့နော်။ အဲလိုမျိုးတွေသာ သူတို့ မဆောင်ရွက်ခဲ့ဘူးဆိုရင် ဒီအခြေအနေကို ရောက်မှာမဟုတ်ဘူး။ တဖက်မှာတော့ ကျနော်တို့ဒီနိုင်ငံရဲ့ သမိုင်းအရ ဖြစ်ပေါ်ခဲ့တဲ့အရာ ကျနော်တို့ ပြန်ကြည့်ရင်တော့ ဒီနိုင်ငံဟာ အာဏာရှင်စနစ်တွေ အောက်မှာ၊ စစ်အာဏာရှင်စနစ်တွေအောက်မှာ ကျနော်တို့ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း  ၅၀ ကျော် ၆၀ နီးပါးလောက် ကျနော်တို့ နေခဲ့ရတာပေါ့နော်။ စနစ်ကြောင့် ပျက်သုဉ်းမှုတွေ ရှိတာပေါ့နော်။ ဆိုတော့ အရေးကြီးတာက ကျနော်တို့ ဒီနိုင်ငံပြုပြင်ပြောင်းလဲရေးဆိုတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးစနစ်တခုကို သွားဖို့ ကျနော်တို့ လုပ်ဖို့လိုတယ်။ အဲလိုမျိုးလုပ်ဖို့က အာဏာရှင်စနစ်ကို ကိုင်စွဲတဲ့သူတွေ မရှိဖို့ လိုတယ်ပေါ့နော်။ အာဏာရှင်စနစ် ကိုင်စွဲတဲ့လူတွေ ရှိနေသရွေ့ကတော့ ကျနော်တို့နိုင်ငံရဲ့ ကျဆုံးမှု၊ ဒုက္ခရောက်မှု၊  ကျနော်တို့နိုင်ငံရဲ့ ပျက်သုဉ်းမှုတွေဟာ အစုံပဲ။ အခုဆိုရင်လည်း ဒီထက်ဆိုးဝါးလာတဲ့ အခြေအနေကြီးကို ရောက်တယ်။ တချို့ကတော့ ကျဆုံးတဲ့ နိုင်ငံတခုအဖြစ်ကို ထိုးဆင်းနေတဲ့ပုံရိပ်တွေ မြင်နေရတယ်။ ဒါက အင်မတန် ဆိုးဝါးတာပေါ့နော်။ ဒါကြောင့်မို့လို့ ဒီလိုမျိုးအခြေအနေမှာ သက်ဆိုင်တဲ့ အာဏာရှင်ဖြုတ်ချရေးနဲ့ အာဏာရှင်စနစ်မရှိရေးက ကျနော်တို့ တိုင်းရင်းသားတွေအားလုံး၊ ဒီနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတွေ အားလုံး ဒီပေါ်မှာ သိရှိနားလည်ဖို့လိုတယ်။ သိရှိနားလည်ပြီးတာနဲ့ ဒီအာဏာရှင် ရှိတဲ့အတွက်ကြောင့်၊ ဒီစစ်အာဏာရှင်ရှိတဲ့အတွက်ကြောင့် အာဏာရှင်တွေရဲ့ မဟုတ်တဲ့ စနစ်တွေနဲ့ အုပ်ချုပ်နေမှုကြောင့် ပျက်သုဉ်းခဲ့ရတယ်ဆိုတဲ့ ဒီအခြေအနေတွေကို ကျနော်တို့အားလုံးက တွန်းလှန်ဖြိုဖျက်မှသာ ကျနော်တို့ ဒီအရာကို လွန်မြောက်နိုင်မှာ ဖြစ်တယ်ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ်တော့ ဒီအချိန် ဒီကာလမှာတော့ နိုင်ငံအတွက် ခက်ခဲတဲ့စိန်ခေါ်မှုကတော့ ရှိနေတယ်။”

“ဒီခက်ခဲတဲ့ စိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ကတော့ ကျနော်တို့ ဒီဘက် နိုင်ငံတခုတည်းက ပါဝင်တဲ့သူတွေအပြင် နိုင်ငံတကာကလည်း ဒီနိုင်ငံရဲ့ ဒုက္ခသုက္ခမျိုးစုံ ရောက်နေအောင် လုပ်လာခဲ့တဲ့ သူတွေကို နိုင်ငံတကာရဲ့ နည်းလမ်းအောက်ကနေ လုပ်နိုင်ဖို့ ဝိုင်းဝန်းဆွဲထုတ်ရမှာမှာပေါ့နော်။ နောက်တဖက်မှာတော့ ကိုယ့်နိုင်ငံရဲ့ ကိုယ့်နိုင်ငံရှိနေမှု အနေအထား ပြောင်းလဲနိုင်ဖို့က ကိုယ့်နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ ပါဝင်မှုနဲ့ ဆောင်ရွက်မှု ရှိတယ်။ ကျနော်တို့အားလုံးကြား ဘုံနိုင်ငံရေး ရပ်တည်ချက်နဲ့ အားလုံးရည်မှန်းထား တဲ့ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက်ကို တူညီတဲ့ဆောင်ရွက်မှု၊ တူညီတဲ့ ခံယူမှု တခုတည်းအောက်က ကျနော်တို့ထားရှိပြီးတော့ လုပ်ဆောင်ကြရင်တော့ ဒါကို ကျနော်တို့ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်ပေါ့နော်။ ဒါပေမဲ့လို့ ပြန်လည်တည်ဆောက်ဖို့ကတော့ ကျနော်တို့ အများကြီး ကြိုးစားရမှာဖြစ်တယ်။ ကနဦးကတော့ အာဏာရှင်ဖြုတ်ချရေးအတွက် ကျနော်တို့ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်။  ဒုတိယကတော့ ဒီနိုင်ငံအတွက် ကျနော်တို့ စဉ်းစားထားတဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေးစနစ်တခုကို ကျနော်တို့ ဘယ်လို ကောင်းမွန်တဲ့စနစ်နဲ့ သွားကြမယ်ဆိုတာကို ကျနော်တို့အားလုံးရဲ့ ကြားမှာ လက်ခံတူညီထားဖို့ လိုတယ်။”

မေး— အခုန ပဒိုပြောသွားသလို အဓိက အာဏာရှင်စနစ်မရှိဖို့ပေါ့နော်၊ အာဏာရှင်စနစ်မရှိအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ပြောတယ်ဆိုတော့ ကေအန်ယူအနေနဲ့ကော အခု ဘာလုပ်ပြီလဲ။

ဖြေ— “ကျနော်တို့အနေနဲ့က အာဏာရှင်စနစ် ပြုတ်ကျရေးဘက်ပေါင်းစုံက ပါဝင်နေတဲ့ အစုအဖွဲ့တွေအားလုံးနဲ့ ဆွေးနွေးတိုင်ပင်မှုတွေ အခုန ကျနော်တို့လုပ်တယ်။ ဘဝတူ ခံစားနေရတဲ့ ဒီနိုင်ငံမှာ ပုံစံအမျိုးမျိုးနဲ့ အကြောက်တရားအောက်က နေထိုင်ခဲ့ကြရတဲ့ အစုအဖွဲ့တွေအားလုံး ဒီအချိန်မှာ ကျနော်တို့ စုစည်းဖို့လိုတယ်။ ဒီအတွက် ကျနော်တို့စုစည်းနေတယ်။ စုစည်းပြီးတော့ ကျနော်တို့အာလုံးတူညီတဲ့ ဘုံရည်မှန်းချက်နဲ့၊ အားလုံးတူညီတဲ့ ဘုံအကျိုးစီးပွားအတွက် တူညီတဲ့လမ်းကြောင်းကနေ သွားဖို့ ကျနော်တို့ ဆောင်ရွက်နေတာပေါ့နော်။ တဖက်မှာတော့ ကျနော်တို့ နိုင်ငံရေးအရ၊ စစ်ရေးအရ ပြည်သူလူထုရဲ့ပါဝင်မှုအရ နောက် ကျနော်တို့သက်ဆိုင်တဲ့ နိုင်ငံတကာရဲ့ ပါဝင်ဆောင်ရွက်မှုအရ ကျနော်တို့ ချည်းကပ်ဆောင်ရွက်နေမှုတွေကလည်း ကျနော်တို့ လုပ်ဆောင်နေတာပေါ့နော်။ ဒီလုပ်ငန်းစဉ်တွေက အခု ကျနော်တို့ ပြောနေတဲ့ အာဏာရှင်ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်ရမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်ပေါ့နော်။ ”

မေး— အခုက လုပ်တော့ လုပ်နေပြီးပေါ့နော်။ အောင်မြင်မှုအနေနဲ့ ဘယ်လောက်ရာခိုင်နှုန်း ဖော်ဆောင်နိုင်ပြီလို့ ပြောလို့ရမလဲ။

ဖြေ— “ဆိုတော့ ဒါက မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ဆိုင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အောင်မြင်မှုအရ ကျနော်တို့ မြင်လို့ရသလဲဆိုရင်တော့ ကျနော်တို့ရဲ့နိုင်ငံ လွတ်လပ်ရေးရပြီးစ အချိန်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်လာတယ်ပေါ့နော်။ တိုင်းရင်းသားတွေနဲ့ ကျနော်တို့ တည်ဆောက်ချင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တောင်းဆိုတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အအဝရှိတဲ့ ကျနော်တို့ ပြည်နယ်တွေ လိုချင်တယ်။ အဲဒီအပေါ်မှာ အာဏာရတဲ့ အစိုးရတွေ အဆင့်ဆင့်က လက်မခံကြလို့၊ မကိုင်တွယ်ခဲ့လို့ သို့မဟုတ် မလုပ်ဆောင်ပေးခဲ့လို့သာ လက်နက်ကိုင် တိုက်ပွဲအရ ကျနော်တို့ တိုင်းရင်းသားတွေက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရင်းနဲ့ ကျနော်တို့ လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေးဆိုတဲ့ နိုင်ငံရေးတောင်းဆိုချက်နဲ့ ကျနော်တို့ တိုက်ပွဲဝင်တာဖြစ်တယ်။ အဲဒီအချိန် အဲဒီအခါတို့တုန်းက ကျနော်တို့ ပြည်မမှာရှိတဲ့ ဗမာလူမျိုးတွေက ကျနော်တို့ တိုင်းရင်းသားတွေကို နားမလည်ခဲ့ဘူးပေါ့နော်။ အဲဒါကလည်း ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရပြီစ ၁၉၄၈ ကနေအခု ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိလို့ ကျနော်တို့ ပြောလို့ရတယ်။ ဒါပေမဲ့ ၁၉၈၈ နဲ့ ၉၀ အလွန်မှာတော့ တချို့သော တော်လှန်ရေးနယ်မြေသို့ ထွက်လာတဲ့ ပြည်မက ဗမာလူငယ်တွေနဲ့ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲက ထွက်လာတဲ့ လွှတ်တော်အမတ်တချို့ကတော့ ဒီတိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တိုက်ပွဲ အခန်းကဏ္ဍနဲ့ အခြေအနေကို သိရှိနားလည်တယ်။ ဘာကြောင့် လက်နက်ကိုင်ရလဲ၊ ဘာကြောင့် ဒီနိုင်ငံရေးပြောင်းလဲမှုကို လိုချင်လဲ။ ဘာကြောင့် ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ချင်လဲ ဆိုတဲ့အရာကို နားလည်တယ်။ ဒါပေမဲ့ ၉၀ နဲ့ ၂၀၀၀ ခုနှစ်ကြားမှာ ပြည်မမှာရှိနေတဲ့ ဗမာလူမျိုးအများစု ဒီအခြေအနေကို နားမလည်ဘူး။ သူတို့က သောင်းကျန်းသူတွေပဲ၊ တပ်မတော်က စစ်တပ်က အာဏာရှင်အဆက်ဆက်က ရိုက်သွင်းတဲ့ ဒီဘက် လက်နက်ကိုင်တိုင်းရင်းသားတွေကို သောင်းကျန်းသူပဲ၊ သူပုန်ပဲ အဲဒီအဆင့်လောက်ပဲ သူတို့ မြင်တာပေါ့နော်။ 

ဒါပေမဲ့ ဒီဘက် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုအလွန်မှာ ဗမာစစ်တပ်ကပဲ သူတို့ရဲ့ပြည်မမှာ ရှိတဲ့ ဗမာလူမျိုးတွေရဲ့ တောင်းဆိုတဲ့ ဆန္ဒဖော်ထုတ်မှုတွေကို လူသားမဆန်စွာ အကြောက်တရား ကင်းမဲ့တဲ့အောက်နေ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်၊ ပုံစံအမျိုးမျိုး လုပ်ဆောင်လာနေတဲ့ မီးရှို့ သတ်ဖြတ်တာတွေတို့၊ မြို့ထဲဆိုရင် တိုက်ပွဲတွေက လက်နက်ကြီးကအစ ပစ်ခွဲတာတွေ ဖြစ်လာတော့ ဒီပေါ်မှာ သူတို့ပိုပြီးတော့ ဒီအခြေအနေကို နားလည်လာတယ်လို့ ကျနော်တို့ သိရတယ်ပေါ့နော်။ ဆိုတော့ ဒီဘက်ကာလမှာ ဒီနိုင်ငံရဲ့ နိုင်ငံ ပြုပြင်ပြောင်းလဲရေး ဘက်ကို အရင်တုန်းက နားမလည်တဲ့ ပြည်မနေ ဗမာတွေ ကိုယ်တိုင်က ဒီနိုင်ငံအတွက်ကို တည်ဆောက်ရမယ့် နိုင်ငံရေးစနစ် ပြောင်းလဲရမယ့် နိုင်ငံရေးစနစ်တခုကို အတူတကွ နားလည်လာတယ်။ အဲလိုပဲ ကျနော်တို့ သိမြင်တယ်။ အဲဒီအပေါ်မှာတော့ ဒီတကြိမ်၊ ဒီတခေါက်ရဲ့ တော်လှန်မှု၊ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ဒီတိုက်ပွဲဝင်မှုက ရာခိုင်နှုန်း တော်တော်များများ အောင်မြင်မယ်လို့ သုံးသပ်လို့ ရတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက တနိုင်ငံလုံး အတိုင်းတာဆောင်တဲ့အနေနဲ့ ပါဝင်လာတာ ဖြစ်တယ်။ အရင်တုန်းက ဗမာ့တပ်မတော်(စစ်တပ်)ကို တချို့က ထောက်ခံပေမယ့် ဒီနေ့အချိန်မှာတော့ ကျနော်တို့ ပြည်သူလူထုတရပ်လုံး ဒီနိုင်ငံအနှံ့ရှိတဲ့ ပြည်သူလူထုရဲ့ ဖြစ်နေတဲ့အခြေအနေကို ကျနော်တို့ တွေ့ရမှာဖြစ်တာပေါ့နော်။ ဒါကို သုံးသပ်ခြင်းအားဖြင့် ဒီကနေ့ ဖြစ်ပေါ်လာတဲ့ ဘက်ပေါင်းစုံ ပါဝင်တဲ့ တိုက်ပွဲဝင်မှုတွေက ကျနော်တို့ လိုချင်တဲ့ အာဏာရှင် ပြုတ်ကျရေးနဲ့ ကျနော်တို့ ဒီဘက်က အတူတကွ ယှဉ်တွဲနေထိုင်မယ့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့ကျနော်တို့ ယုံကြည်တာပေါ့နော်။ ”

မေး— ဟုတ်ကဲ့။  အခုနောက်ဆုံးမေးခွန်းပေါ့နော်။ ဒီ ၂၀၂၁ တော်လှန်ရေးမှာက တတိုင်း တပြည်လုံးက ဒီစစ်အာဏာရှင်ပြုတ်ကျရေး၊ အာဏာရှင် လုံးဝမရှိတော့ဖို့ လိုလားကြတယ်။ နောက်အကုန်လုံး တိုင်းပြည် မြန်မြန်ငြိမ်းချမ်းဖို့ လိုလားကြတယ်ပေါ့။ အခု တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးက ဒုက္ခတွေမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်။ ဒီအရာတွေ အမြန်ပြီးသွားပြီးတော့ ဒီတော်လှန်ရေး မြန်မြန်အောင်သွားအောင် အဓိက လုပ်ဆောင်ရမယ့် အချက်က ဘာလဲ။

ဖြေ— “မြန်မြန်ပြီးအောင် လုပ်ဆောင်မယ့်အချက်ကတော့ ကျနော်တို့အားလုံးက ဒီအာဏာရှင်စနစ် အောက်မှာ နေမလားဆိုတဲ့ မေးခွန်းဖြစ်တာပေါ့နော်။ အကယ်၍ ကျနော်တို့ ဒီအာဏာရှင်စနစ်အောက် မနေချင်ဘူးဆိုရင် အခု ဖြစ်နေတဲ့ အာဏာရှင်ပြုတ်ကျရေး၊ အာဏာရှင်ချုပ်ငြိမ်းရေးဆိုတဲ့ တိုက်ပွဲမှာ အတူတကွ ပါဝင်ကြဖို့ လိုတာပေါ့နော်။ ပါဝင်ကြမှသာ အခုန ကျနော်တို့ ပြောနေတဲ့ ကျနော်တို့ လိုချင်တဲ့ အောင်မြင်မှုနဲ့ အေးအေးချမ်းချမ်း ငြိမ်းချမ်းစွာ ပြန်လည်တည်ဆောက်မယ့် နိုင်ငံအတွက်ကို ရရှိနိုင်မှာ ဖြစ်တာပေါ့နော်။ ဆိုတော့ ကျနော်တို့ အားလုံးက မတူညီတဲ့ နေရာဒေသမှာ ရှိနေကြတယ်။ ဒါပေမဲ့ ကျနော်တို့ ပါဝင်ရမယ့် ပုံစံက  တော်လှန်ရေးလို့ ပြောတာနဲ့ လက်နက်ကိုင်တော်လှန်ရေးတခုတည်း ဟုတ်ဘူး။ ကျနော်တို့ လုပ်နိုင်တဲ့ ဒီအရာတွေအားလုံးကနေ ပါဝင်လုပ်ဆောင်ကြဖို့လိုတယ်။ လက်ရှိ အာဏာရှင်အုပ်ချုပ်မှု အောက်မှာ နေရတဲ့လူတွေကလည်း အကြောက်တရားအောက်က နေနေရပေမယ့်လည်း သူတို့ လုပ်နိုင်တဲ့ ဆောင်ရွက်နိုင်တဲ့နည်းမျိုးစုံက လုပ်ဆောင်ရယူတာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် ဒီစစ်အာဏာရှင်ရဲ့ အာဏာသိမ်းမှုကို လက်မခံလို့ ကနေ့အထိ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်လို့ မရသေးတာက လူထုက ဒီအာဏာရှင်တွေကို လက်မခံလို့ ရှိနေကြပြီဆိုတာ ပေါ်လွင်တာပေါ့နော်။ ဒါက အကောာင်းဆုံးသော ဆောင်ရွက်မှုတွေလို့ ကျနော်တို့ ပြောလို့ရတယ်။ အဲဒါကြောင့်မို့လို့ သက်ဆိုင်ရာ ကျနော်တို့ ပြည်သူလူထုတွေက သူ့ရဲ့ သက်ဆိုင်ရာ ပါဝင်နေရတဲ့ အဖွဲ့အစည်းသော်လည်းကောင်း၊ နေရာဒေသသော်လည်းကောင်း၊ သူ့ရဲ့ အစုအဖွဲ့သော် လည်းကောင်း သူတို့လုပ်နိုင်တဲ့ အာဏာရှင်ပြုတ်ကျရေး ဆောင်ရွက်မှုတွေ တက်ညီလက်ညီ လုပ်သွားမယ်ဆိုရင်တော့ အမြန်ဆုံး ဒီအာဏာရှင်ပြုတ်ကျရေး၊ ကျနော်တို့ လိုချင်တဲ့ နိုင်ငံ တည်ဆောက်ရေး ရရှိလာမှာဖြစ်တာပေါ့။ ”

ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

2 weeks Ago
Up