အကြမ်းစား အပြင်းစား ရက်ပ်တေးသွားတွေနဲ့ ထွက်ရှိထားခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးတေးအယ်လ်ဘမ်သစ်ကို Youtube မှာ ကြည့်ရှုနားဆင်နိုင်ပြီ ဖြစ်ပါ တယ်။
ဒီအယ်လ်ဘမ်ကို အင်တာနက်လူမှုကွန်ရက်ပေါ်မှာ Rap Against Junta ဆိုတဲ့အဖွဲ့က ဖြန့်ချိ ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မတရားစစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲတွေမှာ စစ်အာဏာရှင် တိုက်ထုတ်ရေးအတွက် လမ်းမပေါ်မှာ ရှိုးပွဲတွေ၊ လက်တန်းရွတ်ဆိုပွဲတွေကတဆင့် စတင်ခဲ့တဲ့ Rap Against Junta အဖွဲ့ရဲ့ ဒီဂျစ်တယ်ပလက်ဖောင်းပေါ်မှာ ဆက်လက်ပြီးတော့ ဆန့်ကျင်ပုန်ကန်တော်လှန်နေတဲ့ အသံတွေကို ဒီအယ်လ်ဘမ်ထဲမှာ ကြားကြရမှာ ဖြစ်ပါတယ်။
“#Dickcouncil Album ရဲ့ သီချင်းတွေအကုန် ကြည့်ရှုနားဆင်နိုင်ဖို့ အကုန်လုံးလည်း ပြီးမြောက်သွားပါပြီ… အကောင်းဆုံးကြိုးစားပြီး ထုတ်လုပ်ပေးတဲ့ သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ရှိပါတယ်... သံစဉ် audio မှတဆင့် ရုပ်သံ visual အ ထိ အကုန်ထုတ်ဖို့ကို အဘက်ဘက်မှ ကူညီဝိုင်းဝန်းဆောင်ရွက်ပေးကြသော Emcees, Music producer, Mixing & Master engineer, Album Artwork Artists, Video production, Street Dancers, Video Editor အားလုံးကိုကျေးဇူးတင်ရှိပါတယ်”
ဒီတေးအယ်လ်ဘမ်ထဲမှာတော့ ရက်ပ်ပါ ၁၅ ယောက်က သီဆိုထားကြတဲ့ သီချင်း ၁၁ ပုဒ် ပါဝင်ကာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက စတင်ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ခုတခါမှာတော့ သူတို့အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ကြည့်ရှုနားဆင်နိုင်မယ့် Youtube လင့်နဲ့အတူ မျှဝေပေးထားခဲ့တာကို တွေ့ရပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်အမြစ်ဖြတ်ချေမှုန်းဖို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (Dictatorship Revolution People's Army- DRPA) ကို ဧပြီ ၂၈ ရက်နေ့မှာ ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို လက်နက်အားကိုးနဲ့ ဖျက်ဆီးသတ်ဖြတ်နေတဲ့ အာဏာရှင်တွေနဲ့ သူတို့ရဲ့လက်ပါးစေ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့လုပ်ရပ်ကို အပြီးတိုင်အမြစ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ထောင်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းတာလို့ ဆိုပါတယ်။
အဆိုပါတပ်မတော်မှ .အာဏာရှင်တော်လှန်ရေးအတွက် အဆုံးစွန် အထိ စိတ်ဆုံးဖြတ်ထားကြတဲ့ လွတ်မြောက်နယ်မြေရောက် ကျောင်းသားလူငယ်တွေ၊ တိုင်းရင်းသားလူငယ်တွေ၊ ခေတ်အဆက်ဆက်အာဏာရှင်ကိုတော်လှန်ခဲ့ကြတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ မြို့ပြနဲ့ကျေးလက်က တော်လှန်ရေးရဲဘော်အစုအဖွဲ့တွေ စသဖြင့် လူတန်းစား အသီးသီးပါဝင်တယ်လို့ဆိုပါတယ်။
DRPAရဲ့ တာဝန်ရှိသူတစ်ဦးက " လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးဖြစ်ပြီး မြို့ပြက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း အတိုင်းအတာတစ်ခုအထိ ချိတ်ဆက်ပြီးဖြစ်ပါတယ်။ အခုလိုဖွဲ့စည်းပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ တိုက်ပွဲပုံစံတွေစဖော်လာမှာဖြစ်တယ်'' ပြောပါတယ်။
တိုင်းရင်းသားတွေလက်ခံနိုင်တဲ့ နိုင်ငံရေးအာမခံချက် ခိုင်မာစွာပါဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းသွားမှာဖြစ်ပြီး ကြားကာလ အစိုးရရဲ့ ကာကွယ်ရေးလုံခြုံရေးလုပ်ငန်းတွေမှာလည်း ပါဝင်ထမ်းဆောင်သွားမယ်လို့ DRPA က ထုတ်ပြန်ထားပါတယ်။