အာဏာရှင်ဆန့်ကျင်

February 13, 2021

မိတ္ထီလာတွင် တပ်မတော်ထောက်ခံသူများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများ ခိုက်ရန်ဖြစ်

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်ညနေက တပ်မတော်ထောက်ခံသူတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ခိုက်ရန်ဖြစ်ပွားပြီး အမျိုးသားတယောက် ဒဏ်ရာရ သွားတယ်လို့ ဒေသခံတယောက်ဆီက သိရပါတယ်။

 တပ်မတော်ထောက်ခံသူတွေ စီတန်းလှည့်လည်လာတုန်း မြို့မ (၄) ရပ်ကွက်အရောက်မှာ ရွက်နုမာလာဟင်းဆိုင်ထဲက စားသောက်နေသူတယောက်က သံပုံးတီးရာက ခိုက်ရန်ဖြစ်ခဲ့တာလို့   မျက်မြင်ဒေသခံတယောက်က ပြောပါတယ်။

“ပုံးတီးရာက စဖြစ်တာ၊ တပ်မတော်ထောက်ခံပွဲလုပ်လာသူတွေ လှည့်လည်လာတုန်း သံပုံးတီးတယ်။ ထောက်ခံပွဲလုပ်သူ ၁၀ ယောက်လောက်က စျေးဆိုင်ထဲကို ခဲတွေနဲ့ပစ်တယ်။ အနီးအနားက အိမ်ကိုလည်း ခဲနဲ့ပစ်တော့ အပြန်အလှန် ခိုက်ရန်ဖြစ်ကြပြီး တပ်မတော်ထောက်ခံသူတယောက် ဒဏ်ရာရသွားတယ်။ မစိုးရိမ်ရပါဘူး။ စျေးဆိုင်နဲ့ အိမ်ကတော့ ပစ္စည်းတွေ ပျက်စီးသွားတယ်။ နှစ်ဖက်လုံး နစ်နာကြပါတယ်"လို့ ပြောပါတယ်။

သူ့ကို ကုတင် ၅၀၀ တပ်မတော်ဆေးရုံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။

  မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျရဲဝန်ထမ်းက "ခိုက်ရန်ဖြစ်သွားတာ ဟုတ်ပါတယ်။ အခုထိတော့ အမှုလာဖွင့်တာ မရှိသေးပါဘူး” လို့ ပြောပါတယ်။

  ညနေ ၄ နာရီခွဲလောက်မှာ တာဝန်ရှိသူတွေက နှစ်ဖက်လုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့တာကြောင့် အေးဆေးစွာ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။

သတင်း-ဓာတ်ပုံ-မောင်မောင်လင်း

10 months Ago
Up