အများအားဖြင့် တရားရုံးဆိုတာ ဥပဒေနဲ့အညီ တည်ထောင်ထားတဲ့၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ၊ တရားစီရင်ရေးမူတွေနဲ့အညီ လည်ပတ်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုလို့ လက်ခံထားကြပါတယ်။ ဒါပေမဲ့ တခြားတဘက်မှာလည်း အဲဒီလို ဥပဒေတွေ၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေ၊ တရားစီရင်ရေးမူတွေနဲ့ လူ့အခွင့်အရေးစံတွေကို ချိုးဖောက်ပြီး မတရားတဲ့ ဆုံးဖြတ်ချက်တွေကို တဖက်သတ်ချမှတ်ဖို့ တရားမဝင် တည်ထောင်ထားတဲ့ တရားရုံးတွေလည်း ရှိပြန်ပါတယ်။ အဲဒီရုံးတွေကို “Kangaroo Court” (သားပိုက်ကောင်တရားရုံး) လို့ ခေါ်ကြပါတယ်။
ဒီရုံးတွေဟာ စွပ်စွဲခံရသူကို အားသာစေမယ့် ဘယ်သက်သေခံချက်တွေကိုမဆို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုပြီး သူတို့လိုချင်တဲ့ နေရာကိုသာ သားပိုက်ကောင်တွေလို ခုန်ကူးကြတဲ့အတွက် သားပိုက်ကောင်တရားရုံးလို့ ခေါ်ကြတာပဲ ဖြစ်ပါတယ်။ တချို့ကလည်း အဲဒီတရားရုံးတွေဟာ အရေးကြီးအမှုတွေကို မြန်မြန်ဆန်ဆန် စီရင်နိုင်ဖို့ အလျင်အမြန်ဖွဲ့ထားပြီး ရုံးစိုက်ရာနေရာ အတည်တကျမရှိဘဲ သားပိုက်ကောင်တွေလို ဟိုနေရာ ဒီနေရာ အမြဲခုန်ကူးပြောင်းနေတဲ့ ခုံရုံးတွေ ဖြစ်တဲ့အတွက်ကြောင့်လို့လည်း ဆိုပါတယ်။ တရားရုံးဟာ တစုံတယောက် ဝါ တစုတဖွဲ့ရဲ့ အိတ်ကပ်ထဲ ရောက်နေတဲ့အတွက်ကြောင့် ခေါ်တာလို့လည်း ပြောဆိုကြပါသေးတယ်။
ဘယ်လိုပဲဆိုကြပါစေ၊ ဒီသားပိုက်ကောင်တရားရုံးတွေဟာ ကြုံရာကျပန်း ဖွဲ့စည်းထားတဲ့ ရုံးတွေသာဖြစ်ပြီး တရားဥပဒေ၊ တရားမျှတမှုနှုန်းစံနဲ့ တခြားလူ့အခွင့်အရေး ဆိုတာတွေကို ယောင်လို့တောင်မှ ထည့်စဉ်းစားကြတာ မဟုတ်ပါဘူး။ စွပ်စွဲခံရသူတွေကို တဖက်သတ် ကြိုတင်ဆုံးဖြတ်မှုတွေနဲ့ မတရားသဖြင့် ပြစ်ဒဏ်တွေချမှတ်ဖို့ကိုသာ ဦးတည်ထားတဲ့ တရားရုံးတွေပဲ ဖြစ်ပါတယ်။
နာဇီခေတ်က ပြည်သူ့တရားရုံး ဆိုတာကလည်း ဒီအမျိုးအစားထဲမှာ ပါဝင်ခဲ့တာပါ။ ဟစ်တလာ အာဏာရလာတဲ့ နောက်တနှစ် ၁၉၃၄ မှာပဲ ဒီရုံးကို တည်ထောင်ခဲ့တာဖြစ်တယ်။ ရည်ရွယ်ချက်ကတော့ နာဇီတွေကို ဆန့်ကျင်သူမှန်သမျှ နှိပ်ကွပ်ဖို့ပါပဲ။ သူ အာဏာမရခင်တုန်းက ဂျာမန်လွှတ်တော် မီးရှို့ခံရတဲ့အမှုကို ဟစ်တလာက အခဲမကြေခဲ့ပါဘူး။ အဲ့ဒီအမှုမှာ စွပ်စွဲခံရသူငါးယောက်အနက် တယောက်ပဲ ပြစ်ဒဏ်ကျပြီး ကျန်တဲ့လူတွေ အကုန် ကွင်းလုံးကျွတ် လွတ်သွားပါတယ်။ ဒီလို နိုင်ငံတော်အပေါ် ဆန့်ကျင်သူတွေကို လွှတ်ပေးရကောင်းမလား၊ ကွန်မြူနစ်ဆိုသူတွေ လွတ်သွားရကောင်းမလားဆိုပြီး ဟစ်တလာက မကျေမချမ်းဖြစ်ပြီး သူ့လက်ထက်ရောက်တဲ့အခါမှာ တရားရုံးဆိုတာတွေနဲ့ တရားဝင်သယောင်ပြုလုပ်ပြီး ဆန့်ကျင်သူမှန်သမျှ အပြင်းအထန်ဖိနှိပ်ဖို့ ကြိုးပမ်းလာပါတယ်။
အဲ့ဒီ ပြည်သူ့တရားရုံးဟာ တကယ်ပဲ အာဏာရှင်ဟစ်တလာ အလိုကျ အသုံးတော်ခံခဲ့ပါတယ်။ မှတ်တမ်းတွေအရဆိုရင် စတင်တည်ထောင်တဲ့ ၁၉၃၄ ကနေ မဟာမိတ်တပ်တွေ ဗုံးကြဲချခံရတဲ့ ၁၉၄၅ အတွင်း လူပေါင်း ၁၀,၉၈၀ ကို ထောင်ဒဏ်ချကာ ၅,၁၉၁ ယောက်ကိုတော့ သေဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတရားရုံးက ပြစ်ဒဏ်တွေ ချမှတ်ရာမှာတင် ပြင်းထန်လှတာ မဟုတ်ပါဘူး။ တရားရုံးရဲ့ တရားခွင် စစ်ဆေးပုံတွေကလည်း တဖက်သတ်ဆန်တယ်။ တရားခံကို ရစရာမရှိအောင် စော်ကားရှုတ်ချမှုတွေလည်း ပြုလုပ်ပါတယ်။
တရားခွင်တွင်း အခြေအနေတွေကို ကြည့်မယ်ဆိုရင် ပထမဆုံးအနေနဲ့ နိုင်ငံတော်အဆင့် ဝါ ပြည်နယ်အဆင့် ဥပဒေအရာရှိတယောက်က စွပ်စွဲခံရသူတွေရဲ့ နာမည်စာရင်းတွေကို “ဒီကောင်တွေ နိုင်ငံရေးလုပ်တယ်၊ နိုင်ငံတော်ကို ဆန့်ကျင်တယ်” ဆိုပြီး စွဲချက်တင်ပါတယ်။ ဖမ်းဆီးထားတဲ့ စွပ်စွဲခံရသူတွေကို ဖိနှိပ်ညှဥ်းဆဲရာကနေ ရလာတဲ့ သက်သေတွေ၊ တမင်တကာ ဖန်တီးထားတဲ့ လုပ်ကြံသက်သေတွေကို ရုံးကို တင်ပြပါတယ်။ စွပ်စွဲခံရသူမှာလည်း ဘာချေပခွင့်မှ မရှိပါဘူး။ အများစုကို ရှေ့နေငှားခွင့် မပေးပါဘူး။ အဲ့ဒီ ရှေ့နေငှားခွင့် ရသူတွေကလည်း ဥပဒေကြောင်းအရကို ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး။ စွပ်စွဲခံရသူနဲ့ သူ့ရှေ့နေနဲ့ တွေ့ခွင့်၊ စကားပြောခွင့်ကိုလည်း ကန့်သတ်ထားပြီး ပြောခွင့်မပေးတာ များပါတယ်။ ရုံးတင်စစ်ဆေးမှု စတင်တာနဲ့ တပြိုင်နက် တရားရုံးဥက္ကဋ္ဌဆိုသူက စွပ်စွဲခံရသူကို မေးခွန်းတွေ တောက်လျှောက်မေးပါတယ်။ တကယ်က သူ့အလုပ်မဟုတ်ပါဘူး။ ဥပဒေအရာရှိလုပ်ရမယ့် အလုပ်တွေပဲ ဖြစ်ပါတယ်။ ဒီလို ကိုယ်နဲ့မဆိုင်တဲ့အလုပ်တွေလုပ်ရင်း စွပ်စွဲခံရသူကို လှောင်တယ်၊ ကြိမ်းမောင်းပါတယ်။ သူကသာ ကိုယ်နဲ့မဆိုင်တာကိုလုပ်ရင်း တချိန်လုံး ကြိမ်းမောင်းနေပေမဲ့ စွပ်စွဲခံရသူကိုတော့ ဘာမှ ထိထိရောက်ရောက် ချေပခွင့်မပေးပါဘူး။ လိုတိုရှင်းပဲ ဖြေခိုင်းပါတယ်။ များသောအားဖြင့် ရုံးတင်စစ်ဆေးမှုတွေဟာ နေ့ချင်းပြီးတာပဲ များပါတယ်။ အဲဒါပြီးတာနဲ့ အထက်ကညွှန်ကြားထားတဲ့ စီရင်ချက်ကို ဖတ်ပြပြီး အမိန့်ချမှတ်လိုက်ပါတော့တယ်။ သားပိုက်ကောင်တရားရုံးဆိုတာ အဲဒီလို မျက်နှာပြောင်တိုက်တဲ့ စီရင်ရေးပဲ ဖြစ်ပါတယ်။
ဒီလို သားပိုက်ကောင်တရားရုံးဖြစ်တဲ့ ပြည်သူ့တရားရုံးက ကိုင်တွယ်တဲ့အမှုတွေထဲမှာ ၁၉၄၄ ခုနှစ် ဇူလိုင် ၂၀ အမှုကတော့ အထင်ရှားဆုံးဖြစ်ပါတယ်။ ဒီအမှုမှာ သားပိုက်ကောင်တရားရုံးဆိုတာရဲ့ သွင်ပြင်လက္ခဏာတွေ အကုန်လုံးနီးပါး အထင်အရှား တွေ့မြင်ရလို့ပဲ ဖြစ်ပါတယ်။ ဒီအမှုဟာ ဂျာမန်စစ်တပ်က အရာရှိကြီးတွေ ပူးပေါင်းပြီး ဟစ်တလာကို လုပ်ကြံဖို့ကြိုးစားတဲ့ လုပ်ကြံမှုတခုပါ။ အဲ့ဒီလုပ်ကြံမှုဟာ မအောင်မြင်ခဲ့ဘဲ လုပ်ကြံသူတွေ ဖမ်းဆီးခံလိုက်ရတယ်။ အဲဒီနောက်မှာတော့ ပြည်သူ့တရားရုံးကို ရောက်လာပြီး စစ်ဆေးခံရပါတယ်။ အဲဒီတရားခွင် စစ်ဆေးမှုတွေမှာ နာဇီတွေရဲ့ သားပိုက်ကောင်တရားရုံးကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။
စွပ်စွဲခံရသူတွေ တရားခွင်ထဲ ရောက်လာတာနဲ့တပြိုင်နက် တရားသူကြီး ရိုလန်ဖရိုက်စလာက အော်ဟစ်ကြိမ်းမောင်းပါတယ်။ “ဂျာမန်လူမျိုးတွေရဲ့ သမိုင်းတလျှောက် မကြုံဖူးလောက်အောင် မိုက်လုံးကြီးပြီး ကြောက်စရာကောင်းတဲ့ အမှုတခုပဲ” ဆိုပြီး စွပ်စွဲခံရသူတွေကို ပြစ်တင် ကြိမ်းမောင်းပါတယ်။ စွပ်စွဲခံရသူက တခွန်းဖြေရင် သူက လေး ငါးခွန်းလောက် ဆက်တိုက် အော်ငေါက်နေခဲ့တာပါ။ ထူးခြားတာက ဒီတရားခွင်မှာ လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ထားတာပါပဲ။ ဟစ်တလာနဲ့ သူ့အပေါင်းအပါတွေ တိုက်ရိုက်ကြည့်နိုင်ဖို့ဖြစ်သလို ဒါပြီးတာနဲ့ “ပြည်သူ့ခုံရုံးရှေ့က သစ္စာဖောက်များ” ဆိုတဲ့ ရုပ်သံကို ထုတ်လွှင့်ပြီး အများပြည်သူကို ဝါဒဖြန့်ဖို့၊ အကြောက်တရားသွင်းဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။
နောက်ထပ်လူသိများတဲ့ အမှုကတော့ ၁၉၄၃ ဖေဖော်ဝါရီမှာ အကျဥ်းရုံးစစ်ဆေးပြီး ခေါင်းဖြတ်စက်နဲ့ ကွပ်မျက်ခံလိုက်ရတဲ့အမှု ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် Sophie Scholl နဲ့ အသက် ၂၄ နှစ်အရွယ် Hans တို့ ကျောင်းသားနှစ်ဦးကို စစ်ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဝေတယ်ဆိုတဲ့အမှုနဲ့ ပတ်သက်ပြီး သေဒဏ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ ကြေကွဲသနားဖွယ်ရာ အကြောင်းကို နောင်အခါမှာ ဇာတ်လမ်းရုပ်ရှင် ရိုက်ကူးခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
Kangaroo Court ဆိုတဲ့ သားပိုက်ကောင်တရားရုံးဟာ အဲဒီလိုတွေပါ။ ဒါတွေက ဒုတိယကမ္ဘာစစ်ကာလ နာဇီခေတ် တရားစီရင်ရေးလောကမှာ ဖြစ်ပျက်ခဲ့တာတွေပါ။ အဲ့တုန်းကဖြစ်ခဲ့လို့ အခု ပြန်မဖြစ်တော့ဘူးလို့ မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုရင် လက်ရှိ စကစလက်ထက် မြန်မာနိုင်ငံမှာလည်း ဒီလို တရားစီရင်ရေးကို တလွဲအသုံးချတာတွေ၊ သားပိုက်ကောင်တရားရုံးတွေ တည်ထောင်တာတွေ ပြုလုပ်လာခဲ့လို့ပါပဲ။
၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် မတရားစစ်အာဏာသိမ်းပြီးချိန်က စလို့ စစ်အာဏာရှင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီဟာ ဥပဒေတွေကို သူတို့စိတ်ကြိုက်ပြင်ဆင်၊ ပြဋ္ဌာန်းလာပါတယ်။ ထိုနည်းတူ ယခင်ကတည်းက သွက်ချာပါဒလိုက်နေတဲ့ တရားစီရင်ရေးကိုလည်း သူတို့လက်အောက်ကို အလုံးစုံသွတ်သွင်းပြီး တရားမျှတမှုကို အဆုံးစီရင်ပေးလိုက်ပါတော့တယ်။ တရားရုံးတွေဟာ စစ်ကောင်စီအလိုကျ အသုံးတော်ခံရတဲ့ ရုပ်သေးတရားရုံးတွေ ဖြစ်လာပါတယ်။ ဒီလို စစ်ကျွန်တရားစီရင်ရေးအောက်က စစ်ကောင်စီအလိုကျ အသုံးတော်ခံနေရတဲ့ တရားရုံးတွေအထဲမှာ ထောင်တွင်း အထူးတရားရုံးတို့၊ စစ်ခုံရုံးတို့ဟာ အဆိုးဆုံးပဲဖြစ်ပါတယ်။ သူတို့ဟာ နာဇီခေတ်က ပြည်သူ့တရားရုံးလို သားပိုက်ကောင်တရားရုံးလို ပြုမူလာခဲ့ပါတယ်။
ရန်ကုန်ကိုပဲ ကြည့်မယ်ဆိုရင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့ မြို့နယ် ၆ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ခုံရုံးတွေကို တည်ထောင်လာပါတယ်။ အဲဒီ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၆ မြို့နယ်မှာ ဖမ်းဆီးခံရသူတွေကို စစ်ခုံရုံးတွေမှာပဲ ကြားနာ စစ်ဆေးပါတယ်။ နောက် တခြားမြို့နယ်တွေမှာလည်း စစ်ခုံရုံးတွေ မရှိသော်ငြား နိုင်ငံရေးအမှုတွေဆိုရင် ထောင်တွင်းအထူးတရားရုံးတွေမှာ စစ်ဆေးစီရင်ပါတယ်။
တခြားမြို့တွေမှာလည်း ဒီလို ထောင်တွင်းအထူးတရားရုံးတွေ တည်ထောင်ပြီး အကျဉ်းရုံး စစ်ဆေးပါတယ်။ ဒီလိုရုံးတွေမှာ ရုံးတင်စစ်ဆေးခံရပြီ ဆိုကတည်းက လွတ်ကိန်း သုညပါ။ အနည်းဆုံး ထောင်ဒဏ် ၂ နှစ်ကနေ အများဆုံး သေဒဏ်အထိ ဖြစ်ပါတယ်။
သေဒဏ်ဆိုရာမှာလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်သူတွေအပေါ် အများဆုံးချမှတ်တာပဲ ဖြစ်ပါတယ်။ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၃၁ ရက်အတွင်း အမြင့်ဆုံး ပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ်ချမှတ်ခံရသူ၊ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူတွေအပြင် သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်း ပူးတွဲချမှတ်ခံရသူ အပါအဝင် စုစုပေါင်း ၂၀၉ ဦး ရှိလာတယ်လို့ ဆိုပါတယ်။ အဲ့ဒီ အမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ်နဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံရသူ ၂၀၉ ဦးထဲမှာ ရန်ကုန်တိုင်းအတွင်းက ၂၀၂ ဦး (ရာခိုင်နှုန်းအားဖြင့် ၉၆ ဒသမ ၇ ရာခိုင်နှုန်း) ပါဝင်ပြီး ကျန် ၇ ဦး (ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၃ ရာခိုင်နှုန်း) ကတော့ ဧရာဝတီတိုင်းအတွင်းက ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ခုံရုံးနဲ့စစ်ဆေးတဲ့ နေရာတွေမှာ အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်နေတာကို အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီလို ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေနဲ့တင် စကစက မကျေနပ်သေးပါဘူး။ သေဒဏ် ချမှတ်ခံထားရတဲ့သူတွေကိုပါ သေဒဏ်ကို အတည်ပြုပြီး လက်တွေ့ကွပ်မျက်ဖို့ လုပ်မယ်လို့ ဆိုလာပါတယ်။ မကြာခင်ကပဲ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို ချမှတ်ထားတဲ့ သေဒဏ်အမိန့်ကို အကောင်အထည်ဖော်ကာ လက်တွေ့ကွပ်မျက်မယ်လို့ စစ်အာဏာရှင်တွေက ထုတ်ပြောလာတာ ဖြစ်ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ သေဒဏ်ကို အတည်ပြုပြီး ကွပ်မျက်မှုတွေ မရှိတော့တဲ့ မြန်မာပြည်မှာ အခုလို သေဒဏ်ကို အကောင်အထည်ဖော်မယ်ဆိုပြီး စစ်အာဏာရှင်တွေရဲ့ ထုတ်ပြောလာမှုအပေါ် ပြည်တွင်း ပြည်ပအကြားမှာ အတော်လေး ကျယ်ကျယ်လောင်လောင် ဖြစ်သွားပြီး ဝေဖန်ရှုတ်ချသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလို ဝေဖန်မှုတွေ၊ ပန်ကြားမှုတွေ ရှိနေတာတောင် စစ်အာဏာရှင်တွေဘက်က သေဒဏ်ကို အတည်ပြုမယ်၊ သက်ညှာမှုမရှိတော့ဘူးဆိုပြီး ထပ်လောင်းပြောဆိုလာပြန်ပါတယ်။ တကယ် ကွပ်မျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။ ဒါဟာ နာဇီခေတ်က ပြည်သူ့ခုံရုံးလို “မြင်တယ်မို့လား၊ ငါတို့ကိုလုပ်တဲ့သူတွေ ဒီလိုခံရမယ်” ဆိုပြီး ပြည်သူတွေအကြား အကြောက်တရားသွင်းဖို့ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နာဇီခေတ်က တည်ထောင်ခဲ့တဲ့ ပြည်သူ့ခုံရုံးလိုပဲ အခု မြန်မာပြည်က စကစလက်ထက်မှာ တည်ထောင်လိုက်တဲ့ စစ်ခုံရုံး၊ အထူးတရားရုံး ဆိုတာတွေဟာလည်း သားပိုက်ကောင်တရားရုံးတွေ ဖြစ်လာတယ်ဆိုတာ အားလုံးလည်းအသိပဲ ဖြစ်ပါတယ်။ နာဇီခေတ်လောက် မဆိုးသေးရင်တောင် တဖြည်းဖြည်းနဲ့ အမီလိုက်လာဖို့ ရှိပါတယ်။ စစ်ကောင်စီဟာ သူတို့ အခြေအနေမကောင်းလေလေ ရုပ်သေးတရားရုံးတွေနဲ့ ရက်ရက်စက်စက် ဖိနှိပ်လေလေပြုလာမှာ မလွဲပါပဲ။ ဝါဒဖြန့်ချိရေးဝန်ကြီး ဂျိုးဇက်ဂိုဘယ်က ပြည်သူ့ခုံရုံးမှာ ပြောခဲ့တဲ့ မိန့်ခွန်းလိုပါပဲ။ “ယနေ့အချိန်ဟာ စစ်ဖြစ်နေတဲ့ကာလ ဖြစ်တာကြောင့် တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ တရားတယ်၊ မတရားဘူးဆိုတာ အရေးမကြီးပါဘူး။ ပြစ်ဒဏ်ကျခံရသူတွေကို ပြန်လည်ပြုပြင်ဖို့ ဆိုတာတွေက ခင်ဗျားတို့ရဲ့ အဓိကအလုပ် မဟုတ်ပါဘူး။ ဥပဒေရဲ့အလုပ်၊ တရားစီရင်ရေးရဲ့ အဓိကအလုပ်ဟာ အဖ ဂျာမနီ အင်ပါယာကြီးနဲ့ ခေါင်းဆောင်ကြီး ဟစ်တလာကို အလုပ်အကျွေးပြုဖို့သာလျှင် ဖြစ်ပါတယ်။” ဆိုတဲ့အတိုင်းပဲ ပြုမူနေပါတော့တယ်။
ဒါကလည်း အဆန်းတော့မဟုတ်ဘူးလို့ ဆိုရမှာပါ။ အချိန်တွေဘယ်လောက်ကြာကြာ ဒီအာဏာရှင်အလိုကျ ဖွဲ့စည်းထားတဲ့ တရားရုံးတွေမှာ ကျင့်ဝတ်တို့၊ ဥပဒေ၊ နှုန်းစံလိုက်နာမှုတို့ဆိုတာ လုံးဝရှိမနေခဲ့ပါဘူး။ ဒီအစား အာဏာရှင်ကို အလုပ်အကျွေးပြုပြီး ဆန့်ကျင်သူ ပြည်သူတွေအပေါ်မှာ အကြောက်တရားသွင်းမယ့်၊ ဖိနှိပ်မယ့် တရားရုံးတွေသာ ဖြစ်နေပါတယ်။ တရုတ်စကားပုံတခုလိုပေါ့၊ ကျားဟာ သူ့ကိုယ်ပေါ်က အစင်းကျားတွေကို မပယ်ဖျောက်နိုင်သလို နှစ်တွေ၊ အချိန်တွေသာ ပြောင်းလိမ့်မယ်၊ အာဏာရှင်တွေရဲ့ အမူအကျင့်တွေကတော့ ပြောင်းလဲရိုးထုံးစံ မရှိပါဘူး။ အာဏာရှင်တွေ ရှိနေသ၍ ဒီလို အနိဋ္ဌာရုံ အဖြစ်အပျက်တွေက ရှိနေဦးမှာပဲ ဖြစ်ပါတယ်။
တင်ဦး
ဖိနှိပ်သူ လူတန်းစားတွေဟာ သူ့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့၊ အာဏာသက်ဆိုးရှည်ဖို့အတွက် ဆိုရင် အဖိနှိပ်ခံ ပြည်သူတရပ်လုံးကို ရုပ်ပိုင်းအရရော၊ အတွေးအခေါ်ပိုင်းအရပါ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်လေ့ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုဆိုတာက လက်နက်ကိုင်တပ်တွေဖြစ်တဲ့ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး၊ အကျဉ်းထောင်နဲ့ တရားရုံး စသည်တို့ကို အသုံးပြုပြီး ဖိနှိပ်တာပဲ ဖြစ်ပါတယ်။
အခု စစ်အာဏာရှင်တွေကို ကြည့်မယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ လက်နက်ကိုင်တပ်တွေ ဖြစ်တဲ့ စစ်တပ်နဲ့ ရဲကို အသုံးပြုပြီး ပြည်သူလူထုအပေါ်မှာ မတရားသဖြင့် ဖမ်းဆီးတယ်၊ နှိပ်စက်တယ်၊ ပစ်သတ်တယ်။ အဲဒီအင်အားစုတွေနဲ့ ပြည်သူပိုင်နေအိမ်တွေကို ဓားပြတိုက်၊ ခိုးယူ၊ သိမ်းယူပါတယ်။ ရွာတွေမှာ ဆိုရင်လည်း ရွာလုံးကျွတ် မီးတိုက်တယ်။ ရက်ရက်စက်စက် မီးရှို့ သတ်ဖြတ်ပါတယ်။ နောက်ပြီး ထောက်လှမ်းရေးလို့ ခေါ်တဲ့ ဒလန်တွေကို နေရာအနှံ့ချထားပြီး ရသမျှ သတင်းနှိုက်တယ်။ စုံစမ်းပါတယ်။ ဖိနှိပ်သူ စစ်အာဏာရှင်တွေရဲ့ အဲဒီလို ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေနဲ့ ပြည်သူလူထုကို ခေါင်းမဖော်နိုင်ဘဲ ကြောက်ရွံ့သွားအောင် လုပ်ဆောင်ကြပါတာပဲ ဖြစ်ပါတယ်။ အဲဒီလိုရုပ်ပိုင်းအရ ဖိနှိပ်မှုတွေအနက် သိမ်မွေ့တဲ့၊ တရားဝင်သယောင်ရှိတဲ့ အများပြည်သူအကြား အကြောက်တရားကို တဖြည်းဖြည်းချင်း စိမ့်ဝင်အောင်လုပ်တဲ့ ဖိနှိပ်မှုတစ်ခု ရှိပါသေးတယ်။ အဲဒါက ဘာလဲဆိုရင်တော့ စစ်အာဏာရှင်တွေရဲ့ လက်အောက်ခံ ရုပ်သေးတရားရုံးတွေပဲ ဖြစ်ပါတယ်။ အတိအကျ ဆိုရရင်တော့ ၂၀၀၈ ခြေဥအောက်က တရားရုံးတွေပဲ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာရှိတဲ့၊ ၂၀၀၈ ခြေဥအရ တည်ထောင်ထားတဲ့ အဲဒီတရားရုံးတွေဟာ ဒီကာလမှ စစ်အာဏာရှင်တွေကို အကာအကွယ်ပေးတာ မဟုတ်ပါဘူး။ ယခင် ပြည်သူ့အစိုးရ လက်ထက်မှာကတည်းက စစ်အာဏာရှင်တွေဝါ စစ်အုပ်စုရဲ့အကျိုးစီးပွားကို အကာအကွယ် ပေးခဲ့ကြတာ ဖြစ်ပါတယ်။ တခြားတဖက်မှာတော့ နစ်နာသူ ပြည်သူတွေအတွက် တရားဥပဒေအရ ဘာအကာအကွယ်မှ မပေးနိုင်ခဲ့ကြပါဘူး။ ပြစ်မှုတစ်ခု ဖြစ်မယ်။ အဲဒီမှာ အရပ်သားနဲ့ စစ်အုပ်စု အဖွဲ့ဝင်တွေ အငြင်းပွား မှုဖြစ်ကြတယ်ဆိုရင် အရပ်ဘက်တရားရုံးတွေအနေနဲ့ ၂၀၀၈ ခြေဥအရ တရားစီရင်ပိုင်ခွင့် မရှိပါဘူး။ နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ တရားလွှတ်တော်ချုပ် ဆိုတာတွေ ဘာတွေ နားမလည်ပါ။ သူတို့ စစ်ခုံရုံးကသာ စီရင်ပိုင်ခွင့်ရှိပါတယ်။ အဲဒီခုံရုံးက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာလည်း အပြီးသတ်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က အင်းဒင်ရွာ လူသတ်မှု၊ သတင်းထောက် ကိုပါကြီးတို့ အမှုတွေက အကောင်းဆုံးသာဓကတွေပဲ ဖြစ်ပါတယ်။ စစ်တပ်နဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် စစ်တပ်နဲ့ ဆက်နွှယ်တဲ့အမှုတွေမှာ ဆိုရင်လည်း အလားတူပါပဲ။
ဦးကိုနီ၊ ဗစ်တိုးရီးယား တို့လို ဟိုးလေးတကျော် တိုင်းသိပြည်သိ အမှုတွေမှာ ဆိုရင်လည်း ယခုချိန်ထိ တရားမျှတမှုဆိုတာ ပျောက်ကွယ်နေတုန်းပါ။ ကျန်တဲ့ အလားတူ အမှုတွေကလည်း ဒုနဲ့ဒေးပါပဲ။ စစ်အာဏာရှင်အလိုကျ ရေးဆွဲထားတဲ့ ၂၀၀၈ခြေဥ အောက်က တရားရုံးတွေမှာ စစ်အုပ်စုတွေနဲ့ပတ်သက်လာရင် တရားစီရင်ရေးအခြေခံမူတွေ၊ တရားဥပဒေ ဆိုတာတွေကလည်း စကားလုံးသက်သက်ပဲ ဖြစ်ခဲ့ပါတယ်။
အဲဒီလိုအခြေအနေရှိတဲ့ တရားရုံးတွေဟာ ပိုဆိုးရွားလာပါတော့တယ်။ လွတ်လပ်မှု၊ တရားမျှတမှု၊ ဥပဒေရှေ့မှောက် တန်းတူညီမျှမှု စတဲ့ တရားစီရင်ရေးမူတွေကို ခွာချလာခဲ့ပါတော့တယ်။ ပြည်သူတရပ်လုံးက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ဝင်တွေဆိုရင်လည်း နိုင်ငံတော်အတိုင်ပင်ခံလို ပုဂ္ဂိုလ်ကအစ မတရားသဖြင့် ဖမ်းဆီး၊ ရုံးတင်စစ်ဆေးကာ စစ်အာဏာရှင် အလိုကျ ပြစ်ဒဏ်တွေချမှတ်လာပါတော့တယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာတင် ယခင်အစိုးရ လက်ထက် အစိုးရအဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးကို အဂတိအမှုတွေနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။ အစိုးရအဖွဲ့ဝင်တွေပဲလား ဆိုတော့ မဟုတ်ပါဘူး။ သာမန်ပြည်သူတွေကိုလည်း အလားတူပါပဲ။ မတရားအာဏာသိမ်းထားပြီး ပြည်သူကို သတ်ဖြတ်နေတဲ့ သူတို့ကို ဆန့်ကျင်ကြောင်း post တင်ရုံနဲ့တင် ဖမ်းဆီးပြီး ထောင်ဒဏ်တွေ ချပါတယ်။ ဒလန်တွေက တိုင်လို့ပဲ ဖြစ်ဖြစ်၊ သူတို့ဘာသာ လမ်းမှာ စစ်ဆေးလို့ပဲဖြစ်ဖြစ် သူတို့ကို ဆန့်ကျင်တယ်ထင်တာနဲ့ ဖမ်းပါတယ်။ ပြီးရင် ရဲလက်အပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်း အက်ဥပဒေ၊ ရာဇသတ်ကြီး ဥပဒေတွေ စတာတွေအနက် တစ်ခုမဟုတ် တစ်ခုနဲ့ အမှုဖွင့်ခိုင်းပါတယ်။ စစ်ကြောရေးဆိုတဲ့ ညှဉ်းပန်းနှိပ်စက်ရေး ငရဲခန်းမှာ သူတို့လိုချင်တဲ့ အချက်တွေ မရရအောင် ညှဉ်းပန်းနှိပ်စက်ပြီး အတင်းအဓမ္မ ထွက်ချက်တွေ ယူပါတယ်။ တရားခွင်မှာ ဆိုရင်လည်း စွပ်စွဲခံရသူဘက်က ချေပခွင့် ရချင်လည်းရတယ်။ ရချင်မှလည်း ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်တန်ရင် တရားရုံးတွေက စစ်အာဏာရှင်အလိုကျ လီဆယ်ကာ၊ ညှဉ်းပန်းနှိပ်စက်ကာ ရယူထားတဲ့ လုပ်ကြံသက်သေ အထောက်အထားတွေကို ကိုးကားပြီး အပြစ်မရှိသူတွေကို ထောင်ဒဏ်ချပါတော့တယ်။ ၂၀၀၈ အခြေခံဥပဒေအောက်က တရားစီရင်ရေးဟာ ယခင်အစိုးရလက်ထက်မှာ ယိုင်နဲ့နေရာကနေ ယခု ကာလမှာတော့ လုံးဝ ပျက်စီးသွားပါတော့တယ်။
တူရကီစကားပုံတစ်ခုအတိုင်း ပြောရရင် အကြမ်းဖက်မှုဟာ အိမ်အတွင်း ဝင်ရောက်လာတဲ့အခါ ဥပဒေနဲ့ တရားမျှတမှုတွေဟာ အိမ်ရဲ့ခေါင်းတိုင်ကနေ ဒရောသောပါး ထွက်ပြေးကြရပါတော့တယ် တဲ့။
တရားရုံးတွေဟာ အဲဒီလို စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်သဖွယ် ဖြစ်သွားတာဟာ ယခုခေတ်မှ မဟုတ်ပါဘူး။ ၂၀ ရာစု အာဏာရှင် ဟစ်တလာလက်ထက်မှာလည်း တရားရုံးတွေ၊ တရားစီရင်ရေးတွေဟာ အာဏာရှင်တွေကိုပဲ အကျိုးပြုခဲ့တဲ့ ယန္တရားတွေ ဖြစ်ခဲ့ပါတယ်။
၁၉၃၃ မှာ ဟစ်တလာ အာဏာရလာပါတယ်။ နောက်တစ်နှစ် ၁၉၃၄ မှာတော့ ပြည်သူ့တရားရုံး ဆိုပြီး တရားရုံးတစ်ခုကို တည်ထောင်လိုက်ပါတယ်။ သူ အာဏာမရခင်တုန်းက ဂျာမန်လွှတ်တော် မီးရှို့ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအမှုမှာ စွပ်စွဲခံရသူ ငါးယောက်အနက် Van der lubbe ကလွဲလို့ ကျန်သူတွေအားလုံး (ကွန်မြူနစ်တွေ) လွတ်မြောက်ခဲ့တယ်။ ဟစ်တလာက ဒါကို လုံးဝ မကျေနပ်ခဲ့ပါဘူး။ ဒါကြောင့် သူ အာဏာရလာတဲ့အခါမှာ “ပြည်သူ့တရားရုံး”လိုမျိုး ရုံးကို စနစ်တကျ ဖွဲ့စည်းတည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီ “ပြည်သူ့တရားရုံး”ဟာ အဓိကအားဖြင့် နိုင်ငံရေးအမှုတွေကိုပဲ စစ်ဆေးပါတယ်။ နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံတော်သစ္စာဖောက်ရန် ပြင်ဆင်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရန်သူကို အားပေးထောက်ခံမှု စတဲ့ အမှုမှန်သမျှကို စစ်ဆေးစီရင်ပါတယ်။ ပြည်သူတစ်ယောက်က ဟစ်တလာနဲ့ ပတ်သတ်ပြီး ဝေဖန်ရင်၊ ပြက်လုံးထုတ်ရင်၊ ရန်သူအကျဉ်းသားကို ပေါင်မုန့်တစ်ချပ် ပေးမိရင်၊ ဟစ်တလာအတွက် တိုက်နေတဲ့ စစ်ကို ဝေဖန်ရင်၊ တပ်သားတွေကို ဟစ်တလာအတွက် ထပ်တိုက်မပေးဖို့ လှုံ့ဆော်ရင် ပုဒ်ထီး၊ ပုဒ်မအမျိုးမျိုး တပ်ကာ တရားစွဲ ထောင်ချပါတော့တယ်။
တရားခွင် လုပ်ထုံးလုပ်နည်းတွေကို ကြည့်မယ်ဆိုရင်လည်း သူတို့ မသင်္ကာတဲ့ သာမန် ပြည်သူ တစ်ယောက်ကို ဖမ်းပြီးတာနဲ့ စွဲချက်တင်မယ်၊ လုပ်ကြံထားတဲ့ သက်သေတွေကို တင်ပြပြီး တဖက်သတ် စွပ်စွဲမယ်။ စွပ်စွဲခံရသူကိုလည်း လိုတိုရှင်းပဲ ဖြေခိုင်းတယ်။ ပြည့်ပြည့်စုံစုံ လျှောက်လဲခွင့်မပေး။ မပေးတဲ့အပြင် စွပ်စွဲခံရသူတွေကိုလည်း ဂုဏ်သိက္ခာပိုင်းအရ အရှက်ရအောင်၊ ကြိမ်မောင်းအော်ဟစ်တာတွေလည်း ပြုလုပ်ပါတယ်။ တချို့ကိုသာ ရှေ့နေ ငှားရမ်းခွင့်ပေးပြီး အများစုကိုတော့ ငှားရမ်းခွင့်မပေး။ ငှားရမ်းခွင့်ရတဲ့သူတွေမှာလည်း ရှေ့နေက ဘာမှ ထိထိရောက်ရောက် ချေပလို့မရ။ အချိန်တန်တော့ အထက်မိန့်အရ ဆိုပြီး ၁၁ မျက်နှာနီးပါး ရှိတဲ့ စီရင်ချက်ကို တရားသူကြီး ဆိုသူက ဖတ်ပြပြီးသကာလ ထောင်ဒဏ်တွေ ချမှတ်ပါတော့တယ်။ အဲဒီလို တဖက်စောင်းနင်း တရားခွင်စစ်ဆေးမှုတွေအနက် ၂၀၊ ဇူလိုင် ၁၉၄၄ က ဟစ်တလာကို လုပ်ကြံတဲ့ အမှုကတော့ အထင်ရှားဆုံး ဖြစ်ပါပေတယ်။
နာဇီတွေရဲ့ တရားစီရင်ရေးအပေါ်၊ ဥပဒေအပေါ် ရှုမြင်ပုံကို အာဏာရှင် ဟစ်တလာ၊ ဝါဒဖြန့်ချိရေး ဝန်ကြီး ဂျိုးဇက်ဂိုဘယ် တို့ရဲ့ မိန့်ခွန်းတွေမှာ တွေ့မြင်နိုင်ပါတယ်။ ၁၉၃၃၊ မတ်လ ၂၃ ဂျာမန်လွှတ်တော်ကို မိန့်ခွန်းပြောကြားရာမှာ ဟစ်တလာက “ကျုပ်တို့ တရားစီရင်ရေးရဲ့ ဦးဆုံးတာဝန်ဟာ ဂျာမန်လူမျိုးတွေ စဉ်ဆက်မပြတ် တည်ရှိနိုင်ရေးအတွက် ဦးလည်မသုန် ထမ်းဆောင်ပေးကြဖို့ပဲ ဖြစ်တယ်” တဲ့။ အလားတူ ဂျိုးဇက် ဂိုဘယ် ရဲ့ ၁၉၄၂ ဇူလိုင် ၂၂ မှာ ပြည်သူ့တရားရုံးကို ပြောတဲ့ မိန့်ခွန်းမှာလည်း ဂိုဘယ် က “တရားသူကြီးတွေအနေနဲ့ ခင်ဗျားတို့ရဲ့ အရင်တုန်းကအတိုင်း စဉ်းစားတာမျိုးတွေကို ပြောင်းလဲပစ်လိုက်ကြပါ။ ဗိုလ်ချုပ်တွေကို ဖြုတ်ပစ်သလို တရားသူကြီးတွေကိုလည်း ကျုပ်တို့ ဖယ်ရှားပစ်နိုင်ပါတယ်။ တရားခံဆိုတာ လူ့အဖွဲ့အစည်းကနေ ဖယ်ထုတ်ပစ်ရမယ့် မကောင်းဆိုးဝါးတွေဆိုတာ ခင်ဗျားတို့ သတိပြုစေလိုပါတယ်။..... ယနေ့အချိန်ဟာ စစ်ဖြစ်နေတဲ့ကာလ ဖြစ်တာကြောင့် တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ တရားတယ်၊ မတရားဘူးဆိုတာ အရေးမကြီးပါဘူး။ ပြစ်ဒဏ်ကျခံရသူတွေကို ပြန်လည်ပြုပြင်ဖို့ ဆိုတာတွေက ခင်ဗျားတို့ရဲ့ အဓိကအလုပ် မဟုတ်ပါဘူး။ ဥပဒေရဲ့အလုပ်၊ တရားစီရင်ရေးရဲ့ အဓိကအလုပ်ဟာ အဖ ဂျာမနီ အင်ပါယာကြီးနဲ့ ခေါင်းဆောင်ကြီး ဟစ်တလာကို အလုပ်အကျွေးပြုဖို့သာလျှင် ဖြစ်ပါတယ်။” သူတို့ ပြောစကားတွေနဲ့ ထပ်တူကျအောင် လက်တွေ့မှာလည်း ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ပါတယ်။ မှတ်တမ်းတွေ အဆိုအရ စတင်တည်ထောင်တဲ့ ၁၉၃၄ ကနေ မဟာမိတ်တပ်တွေ ဗုံးကြဲချခံလိုက်ရတဲ့ ၁၉၄၅ အတွင်း ပြည်သူ့တရားရုံးဆိုတာဟာ လူပေါင်း ၁၀၉၈၀ ကို ထောင်ဒဏ်ချခဲ့ပြီး ၅၁၉၁ ယောက်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်လို့ ဆိုပါတယ်။ နာဇီတွေ လက်ထက်မှာ တရားရုံးဆိုတာဟာ နာဇီတွေ အလိုကျ လုပ်ကိုင်ဆောင်ရွက်ရတဲ့ ရုပ်သေးတရားရုံးတွေထက် ဘာမှ မပိုတော့ပါဘူး။
ယခုဆို ရာစုနှစ်တစ်ခုနီးပါး ကြာလာခဲ့ပါပြီ။ အဲဒီလို ကြာလာခဲ့ပေမယ့် အာဏာရှင်တွေရဲ့ အကျင့်စရိုက်တွေ လုပ်နည်းလုပ်ဟန်တွေဟာ ပပျောက်မသွားသေးပါဘူး။ ဆက်လက် တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့အာဏာ တည်မြဲဖို့၊ သက်ဆိုးရှည်ကြာစွာ အုပ်ချုပ်ဖို့အတွက် ဆိုရင် ပြည်သူလူထုကို နည်းပေါင်းစုံနဲ့ ပိပြားအောင် နှိပ်ကွပ်တဲ့နေရာမှာ အတူတူပါပဲ။
လက်ရှိ မြန်မာနိုင်ငံက စစ်အာဏာရှင်လက်အောက်ခံ တရားရုံးတွေဟာလည်း နာဇီခေတ်ကလို ပုံပျက်ပန်းပျက် မဖြစ်သေးသည့်တိုင်အောင် အနှစ်သာရအားဖြင့်တော့ စစ်အာဏာရှင်အလိုကျ ကပြနေရတဲ့ ရုပ်သေးတရားရုံးတွေအဖြစ် တည်ရှိလို့နေပါပြီ။
နိဂုံးချုပ်ရရင်တော့ အာဏာရှင်တွေခေတ်မှာ တရားရုံးဆိုတာဟာ ပြည်သူကို ဖိနှိပ်တဲ့ ယန္တရားတစ်ခုထက် မပိုကြောင်းပါ။
တင်ဦး