အာဏာရှင် မူဂါဘီကို ပါတီခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်

November 20, 2017

အာဏာရှင် မူဂါဘီကို ပါတီခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်

ဇင်ဘာဘွေနိုင်ငံက လက်ရှိ အာဏာရပါတီဟာ အာဏာရှင် ရောဘတ် မူဂါဘီကို ပါတီခေါင်းဆောင် အဖြစ်ကနေ မနေ့က ထုတ်ပယ်လိုက်ပါတယ်။ သူ့နေရာမှာ မူဂါဘီ အရင်လက ထုတ်ပယ်လိုက်တဲ့ ဒု-ခေါင်းဆောင်ဖြစ်သူ အမ်မာဆန် မနန်ဂါဂွါကို ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်တယ်လို့ အကြီးတန်းပါတီဝင်တယောက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ မနန်ဂါဂွါက နိုင်ငံကို သစ္စာစောင့်သိမယ်၊ ဇင်ဘာဘွေရဲ့ တရားဥပဒေ အားလုံးနဲ့ အခြေခံ ဥပဒေကို ထိန်းသိမ်းမယ်လို့ ပြောပါတယ်။ အသက် ၉၃ နှစ်အရွယ် မူဂါဘီဟာ နိုင်ငံ့ခေါင်းဆောင် အဖြစ်ကနေ ၂၄ နာရီအတွင်း နုတ်မထွက်ရင် စွပ်စွဲပြစ်တင်ပြီး ရာထူးက ဖြုတ်ချတာကို ခံရမှာပါ။ ဒါဟာ စစ်အာဏာသိမ်းမှုအပြီး မူဂါဘီရဲ့ အာဏာသက်တမ်း ၃၇ နှစ်ကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်ဖို့ အားထုတ်မှုလည်း ဖြစ်ပါတယ်။ မနန်ဂါဂွါဟာ မိကျောင်းလို့ လူသိများတဲ့ နိုင်ငံတော် လုံခြုံရေးအကြီးအကဲဟောင်းပါ။ မူဂါဘီခေတ်လွန် ညီညွတ်ရေး ကြားဖြတ်အစိုးရရဲ့ အကြီးအကဲ ဖြစ်လာဖို့ ရှိပါတယ်။ တရှိန်ထိုးကျဆင်းနေတဲ့ စီးပွားရေး တည်ငြိမ်စေဖို့နဲ့ ပြင်ပကမ္ဘာနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ အာရုံစိုက်မှာ ဖြစ်ပါတယ်။ မူဂါဘီဟာ ၁၉၈၀ နောက်ပိုင်း ဗြိတိန်ကနေ လွတ်လပ်ရေးရအပြီး ဇင်ဘာဘွေနိုင်ငံရဲ့ တဦးတည်းသော ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်က အာဏာသိမ်းအပြီး သူ့ကို ထောက်ခံမှု အကြီးအကျယ် ကျဆင်းခဲ့ပါတယ်။
4 years Ago
Up