အာဏာဖီဆန် CDM လှုပ်ရှားမှု

October 12, 2021

သူရဘွဲ့ရ တပ်ကြပ်ဇွဲမာန် အာဏာဖီဆန် CDM လှုပ်ရှားမှုတွင်ပါဝင်လာ

လောက်ကိုင်နဲ့  ရခိုင်ပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲတွေမှာ ရှေ့ဆုံးကနေ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တာကြောင့် သူရဘွဲ့ရရှိခဲ့တဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ဇွဲမာန် ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွတ်မြောက်နယ်မြေကို ရောက်ရှိလာပြီလို့ People’s Soldiers ရွှေ့ပြောင်းရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

People’s Soldiers ရွှေ့ပြောင်းရေးဌာန တာဝန်ရှိသူတစ်ယောက်က “အခုလို ရပိုင်ခွင့် အခွင့်အရေးတွေကို စွန့်လွှတ်ပြီး အမှန်တရားအတွက် ရပ်တည်လာနိုင်သေးရင် တပ်ထဲမှာ ကျန်နေ သေးတဲ့သူတွေအနေနဲ့ စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးရုန်းထွက်ပြီး ပြည်သူ့ဘက်ကို ပူးပေါင်းလက်တွဲကြစေချင်တယ်”လို့ ပြောပါတယ်။

ကိုယ်ပိုင်အမှတ် တ-၅၃၇၀၅၃ တပ်ကြပ်ဇွဲမာန်ဟာ ခမရ (၅)အင်းမ၊တမခ (၆၆)က ဖြစ်ပြီး လောက်ကိုင်နဲ့ ရခိုင်ပြည်နယ် စစ်မြေပြင်မှာ ထူးချွန်စွာတိုက်ပွဲဝင်ခဲ့လို့ သူရဘွဲ့ရခဲ့သလို စစ်သက်အငယ်ဆုံးနဲ့ တပ်ကြပ်ရာထူးရရှိခဲ့သူဖြစ်ပါတယ်။

People’s Soldiers၊ ရွှေ့ပြောင်းရေးဌာနအနေနဲ့ အောက်တိုဘာလအတွင်း CDM ပြည်သူ့စစ်သား ၈ ဦးအထိ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ရာနယ်မြေသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

2 months Ago

April 14, 2021

ဗန်းမော်မြို့က ရဲတပ်သား ၁ ဦး အာဏာဖီဆန် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်

ကချင်ပြည်နယ် ဗန်းမော်မြို့ မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား သီဟဝင်း (လ-၂၅၃၉၃၅)ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှဒ CDM မှာ ပါဝင်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းလိုက်ပါတယ်။

ဗန်းမော်မြို့မှာ ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းခဲ့တာဟာ ပြည်သူတွေအပေါ် မတရား ထိခိုက်နစ်နာအောင် ဥပဒေမဲ့ပြုလုပ်စေခိုင်းတာဖြစ်လို့ ဒီလိုမျိုးလုံးဝ မလုပ်ဆောင်နိုင်တဲ့အတွက် မတ်လ ၂၈ ရက်နေ့မှာ တရားဝင်စာတင်ပြီး CDM မှာပါဝင်ခဲ့တာလို့ ရဲတပ်သား သီဟဝင်းက ဆိုပါတယ်။

လုံခြုံစိတ်ချရတဲ့ နေရာသို့ တိမ်းရှောင်ရောက်ရှိပြီးချိန် ဧပြီ ၁၃ ရက်နေ့ရောက်မှ နောက်ကျပြီးမှ ပြည်သူလူထုထံတရားဝင် ပေးသိရတာဖြစ်တယ်လို့ ဗန်းမော်လူမှုကွန်ရက်မှာ ပြောပါတယ်။

ဗန်းမော်မြို့ရပ်ကွက်တွေအတွင်း မတ်လ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့ပြီး ပလောင်အမျိုးသမီးတစ်ဦး ကျဆုံးခဲ့ရပါတယ်။ ဒါ့အပြင် လူငယ်တစ်ဦးလည်း ကျည်ဆန်ထိမှန်ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြကာ ဖမ်းဆီးခံရသူ ၁၀ ဦးထက် မနည်းရှိခဲ့ပါတယ်။
သေနတ်ကျည်ဆန် ဆီးခုံကို ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ မောင်မျိုးသန့်ကျော်ဟာ မတ်လ ၃၁ ရက်နေ့မှာ ကျဆုံးခဲ့ရပါတယ်။

8 months Ago
Up