အာဇာနည်ဗိမာန်အပေါ် တက်ရောက်ဆော့ကစားခဲ့သည့် လူငယ် ၃ ဦး ဝန်ချတောင်းပန်

October 10, 2017

အာဇာနည်ဗိမာန်အပေါ် တက်ရောက်ဆော့ကစားခဲ့သည့် လူငယ် ၃ ဦး ဝန်ချတောင်းပန်

အာဇာနည်ဗိမာန်အပေါ် တက်ရောက်ဆော့ကစားခဲ့တဲ့ လူငယ် ၃ ဦးက သူတို့ရဲ့ အပြုအမူအတွက် လူမှုအကျိုးပြုလုပ်ငန်းတွေလုပ်ရင်း ပြန်လည်တောင်းပန်ဖို့ အောက်တိုဘာ ၉ ရက် မနက်က ကရင်ပြည်နယ် ဘားအံမြို့၊ မြို့နယ်စုပေါင်းရုံးမှာ ဝန်ချတောင်းပန် ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။ အောက်တိုဘာ ၁ ရက် ညပိုင်းက အမှတ် ၁ ရပ်ကွက်နေ မောင်ထက်လင်းကို၊ အမှတ် ၂ ရပ်ကွက်နေ မောင်ဟိန်းမင်းဖြိုးနဲ့ မောင်ဝင်းအောင်တို့ ၃ ဦးက ဘားအံမြို့ အမှတ် ၃ ရပ်ကွက်အတွင်းရှိ အာဇာနည်ဗိမာန်အတွင်း ဝင်ရောက်ပြီး အာဇာနည်ဗိမာန်ပေါ် တက်ရောက်ဆော့ကစား ဓာတ်ပုံရိုက်ကာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့တဲ့အတွက် အများပြည်သူ အလေးထားတဲ့ အာဇာနည်ဗိမာန်ကို မလေးမစား ပြုမူဆောင်ရွက်ခဲ့တဲ့အပေါ် မြို့ခံပြည်သူတွေက ဝေဖန်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီလူငယ် ၃ ဦးဟာ ဘားအံမြို့တွင်းရှိ အများနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တနေ့ ၂ နာရီနဲ့ အကြိမ်ပေါင်း ၁၂ ကြိမ်ကို ၃ လတိတိ အများအကျိုးဆောင်ရွက်ပြီး မိမိတို့ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေ ထပ်မံပြီး ဝန်ချတောင်းပန်သွားမယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်မှာ လူငယ်တွေအနေနဲ့ အခုလို ပြန်လည်ဝန်ချတောင်းပန်ပြီး အများအကျိုးအတွက် လူမှုရေး ပရဟိတလုပ်ငန်းတွေမှာ အချိန်ပိုင်းဆောင်ရွက်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ရဲမင်းခေါင်
4 years Ago
Up