အာဆီယံ

A d v e r t i s e m e n t With Us

March 2, 2021

အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံဝန်ကြီးများတောင်းဆို

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့   အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို  ဒီကနေ့ မတ်လ ၂ ရက်မှာ အွန်လိုင်းကနေ ကျင်းပရာမှာ  အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကို ခုလို သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ အခြေအနေကို စိုးရိမ်တဲ့အကြောင်း သက်ဆိုင်သူအားလုံးအနေနဲ့ အကြမ်းဖက်မှုတွေ ထပ်မြင့်တက်မလာအောင် ရှောင်ရှားဖို့နဲ့ ဘက်အားလုံးအနေနဲ့  အဆုံးစွန်ထိ ထိန်းထိန်းသိမ်းသိမ်း အပျော့ပြောင်းဆုံး  လုပ်ဆောင်ကြဖို့ အာဆီယံက တောင်းဆိုပါတယ်။

မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ လူမှုဘဝ ကျိုးစီးပွားအတွက်  သက်ဆိုင်သူအားလုံးအနေနဲ့ အပြုသဘောဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့  သက်ဆိုင်သူအားလုံးကို အာဆီယံအနေနဲ့ တောင်းဆိုတယ်၊ ဒါနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ မြန်မာကို  အပြုသဘော အကူအညီပေးဖို့ အသင့်ရှိတယ်လို အာဆီယံကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ဒီကြေညာချက်ကို အခုနှစ် အာဆီယံ အလှည်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်လိုပေမဲ့ ပြဿနာရဲ့ အဖြေကတော့ မြန်မာနိုင်ငံထဲမှာပဲ မူတည်နေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီရန်ဘာလာခရီရှနန်က  အစည်းအဝေး အပြီးမှာ မီဒီယာတွေကို ပြောပါတယ်။ 

“ရေရှည်အတွက်ခိုင်မာတဲ့ အဖြေရဖို့တခုတည်းသော နည်းလမ်းကတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်ဖို့ဖြစ်ပြီး အထူးဖြင့် သမ္မတ ဦးဝင်းမြင့်နဲ့  နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်” လို့  စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

ဒါ့အပြင် စင်ကာပူနိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို မြန်မာအစိုးရအဖြစ် အသိအမှတ်မပြုဘူးလို့လည်း ပြောပါတယ်။

“စစ်ခေါင်းဆောင်တွေကို မြန်မာအစိုးရအဖြစ် ကျနော်တို့ အသိအမှတ်မပြုပါဘူး။ ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေအရ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ဟာ  အထူးအခန်းကဏ္ဍရှိတဲ့ အဖွဲ့အစည်းဆိုတာ အသိအမှတ်ပြုတယ်” လို့  စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

အလားတူ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟစ်ဟမ်မူဒင်ဟူစိန်ကလည်း  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဖမ်းဆီးခံနေရသူတွေကို  ချက်ချင်းလွှတ်ပေးဖို့တောင်းဆိုလိုက်ပြီး အခြေအနေဆိုးလာရင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနဲ့သာယာဝပြောရေးကို ထိခိုက်လိမ့်မယ်လို့ သတိပေး ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆီဒီကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည် ဖော်ဆောင်ရမယ်လို့  ပြောပါတယ်။  

အင်ဒိုနီးရှားအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒ၊ အသံနဲ့ အကျိုးစီးပွားကို အလေးထားတဲ့အကြောင်း သက်ဆိုင်သူအားလုံးဆွေးနွေးမှုတွေ စတင်ဖို့ တောင်းဆိုတဲ့ အကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလွှတ်ပေးတာအပါအဝင် ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အခြေအနေ ဖန်တီးဖို့လိုတယ်လို့လည်းပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံကတော့ အသံတိတ်နေခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေကို စိုးရိမ်စွာ စောင့်ကြည့်နေတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကတော့ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ရင် စစ်တပ်နဲ့ ဗိုလ်ချုပ်ကြီးတွေကို ထိခိုက်မှာမဟုတ်ဘဲ မြန်မာပြည်သူတွေကို ထိခိုက်နစ်နာမှာ ဖြစ်တယ်လို့  ဒီကနေ့ ဘီဘီစီနဲ့ မေးမြန်းရာမှာ ပြောပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့လို့   လူ ၂၀ လောက် သေဆုံးခဲ့ပြီးနောက်မှာ  ဒီအစည်းအဝေးကျင်းပခဲ့တာဖြစ်ပြီး  အာဏာသိမ်း စစ်ကောင်စီကခန့်အပ်တဲ့ ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ခဲ့ပါတယ်။

REF- Agencies

4 days Ago

မြန်မာ့အရေးဆွေးနွေးပွဲက အာဆီယံအတွက် အကြီးမားဆုံးသံတမန်ရေးစိန်ခေါ်မှု ဖြစ်လာမလား

လတ်တလော ဖြစ်ပျက်နေတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအကြား အထူးအစည်းအဝေး ဆွေးနွေးပွဲတရပ်ကို ဒီကနေ့ ကျင်းပဖို့ ရှိနေပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ အာဆီယံ ၁၀ နိုင်ငံအနေနဲ့ ဒေသတွင်း အဖွဲ့ဝင် နိုင်ငံတနိုင်ငံ အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရုတ်တရက်ရင်ဆိုင်ရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ၅ နှစ်သက်တမ်းရှိ အရပ်သားအစိုးရကို စစ်တပ်က အာဏာသိမ်းမှုအပေါ် ဒေသတွင်း သံတမန်ရေးရာ တုံ့ပြန်မှုအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်နေတာကို တွေ့ရပါတယ်။

ဒီကနေ့ ပြုလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာတော့ အာဏာသိမ်း စစ်တပ်က အသစ်ခန့်အပ်ထားတဲ့ နိုင်ငံခြားရေး၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တက်ရောက်ဆွေးနွေးလိမ့်မယ်လို့ မျှော်မှန်းရပါ တယ်။

ပြီးခဲ့တဲ့ တပတ်လောက်ကတော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆုဒီနဲ့ ဦးဝဏ္ဏမောင်လွင်တို့ဟာ ထိုင်းနိုင်ငံမှာ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ ဆုံပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးပါ တက်ရောက်ခဲ့ကာ ဒါဟာ မြန်မာအာဏာသိမ်း စစ်အစိုးရနဲ့ တရားဝင်ဆက်ဆံရေး ဖြစ်လာစေဖို့ဆိုပြီး လူ့အခွင့်အရေးအုပ်စုတွေအပါအဝင် အားလုံးက ဒေါသထွက်ခဲ့ကြပါတယ်။

ခုသီတင်းပတ်အတွင်း မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြသူ ၁၈ ဦးထက်မနည်း သေဆုံးမှုတွေရှိလာခဲ့ပြီးနောက် ပိုပြီးတော့ ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံနဲ့ တခြားသော နိုင်ငံတွေလိုပဲ ဩစတြေးလျနိုင်ငံကိုလည်း အာဏာသိမ်းစစ် တပ်နဲ့ ဆက်သွယ်မှုပြုလုပ်ဖို့ ငြင်းဆိုဖို့နဲ့ ပိုမိုအားကောင်းတဲ့ ရပ်တည်ချက်အနေနဲ့ တွန်းအားပေးခံထားရပါတယ်။

အင်ဒိုနီးရှားနိုင်ငံကတော့ စစ်တပ်အာဏာပိုင်တွေနဲ့ ဆက်သွယ်ရုံသာမက တနှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ ကတိကဝတ်နဲ့ စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေတဲ့ သဘောထားကြောင့် ကျယ်ကျယ်လောင်လောင် ဝေဖန်ခံနေခဲ့ရတာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံရဲ့ အထွေအထွေရွေးကောက်ပွဲမှာ ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်ဒီပါတီအနိုင်ရရှိခဲ့မှုဟာ အောင်ပွဲအသံတခုဖြစ်ခဲ့ပြီး ပါတီထောက်ခံသူတွေက ဒီရွေးကောက်ပွဲရလဒ်ဟာ တရားဝင်ဖြစ်တာမို့ ပြန်ပြီးတော့ ကျင်းပဖို့ မလိုအပ်ဘူးလို့ ငြင်းဆိုထားကြပါတယ်။

“ငါတို့မြန်မာပြည်သူတွေအားလုံးက ငါတို့အစိုးရကို ရွေးချယ်ခဲ့ကြပြီးပြီ။ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ မလိုအပ်ဘူး။ အလိုမရှိဘူး။ အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ မဲတွေကို လေးစားသင့်တယ်”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ မြန်မာနိုင်ငံသားတယောက်က ရေးတင်ထားပါတယ်။ 

ဒီလိုအခြေအနေမှာ အာဆီယံအနေနဲ့ ဘယ်လိုဆက်ဆံရေးမျိုးကို ဆက်လုပ်ကြမလဲ။ အင်ဒိုဝန်ကြီး ရက်တ်နိုက ဦးဝဏ္ဏမောင်လွင်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရည်ညွှန်း တွေ့ဆုံခဲ့တာမျိုးကို ရှောင်ရှားနိုင်ဖို့၊ နို၀င်ဘာရွေးကောက်ပွဲမှာ အမတ်နေရာတွေ အနိုင်ရခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့လည်း ဆက်သွယ်ဖို့တွေ ရှိလာပါတယ်။

ခြံစည်းရိုးရဲ့ နှစ်ဘက်စလုံးမှာ လမ်းလျှောက်ရတာ မလွယ်ကူလှပါဘူး၊ ဒါပေမဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ သူ့ရဲ့လုပ်ရပ်တွေက မြန်မာပြည်သူတွေကို ကူညီနိုင်မယ်ဆိုရင် ဝေဖန်မှုတွေကို ခံနိုင်တယ်လို့ ပြောလိုက်ပါတယ်။

အင်ဒိုဝန်ကြီး ရက်တ်နိုကတော့ ဒီအရေးမှာ “အင်ဒိုနီးရှားက ရပ်တန့်နေမှာ မဟုတ်ပါဘူး။ ဘာမှမလုပ်တာက ရွေးချယ်စရာ မဟုတ်ဘူး” လို့ ဒေသတွင်း သတင်းမီဒီယာတွေကို ပြောခဲ့တာပါ။

ယူကေနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ဟောင်းတဦးဖြစ်တဲ့ ရီဇယ်လ်ဆုခ်မာရဲ့ ထင်မြင်ချက်ကိုတော့ ပြီးခဲ့တဲ့ တပတ်က သည်ဂျကာတာပို့စ်သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။

“အင်ဒိုနီးရှားအတွက် အလွယ်ဆုံး ရွေးချယ်မှုက စစ်အာဏာသိမ်းမှုကို ပြစ်တင် ရှုတ်ချပြီး အဆက်အသွယ်အားလုံးဖြတ်မယ်၊ ပိတ်ဆို့အရေးယူမှုတွေလုပ်ပြီး မြေပြင်မှာ ဘာတွေဖြစ်နေမလဲဆိုတာကို ထိုင်ကြည့်နေရုံပဲပေါ့။ ဒီချဉ်းကပ်မှုက ကောင်းတဲ့ ခံစားမှု ပေးပေမယ့် မြန်မာပြည်သူတွေအတွက်တော့ အများကြီး အကျိုးရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အင်ဒိုနီးရှားအနေနဲ့ ဒီလိုချဉ်းကပ်မှုမျိုးကို မရွေးချယ်ပဲ သွေးထွက်သံယို ဖြစ်စေမှုတွေကို ရှောင်ရှားဖို့၊ ကုန်ကျစရိတ်တွေ အားလုံးကို ကာကွယ်နိုင်ဖို့ တက်တက်ကြွကြွ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”

စင်ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအင်စတီကျု၊ အရှေ့ တောင်အာရှနိုင်ငံရေးပြောင်းလဲမှုနဲ့ နိုင်ငံခြားရေးမူဝါဒသုတေသီ အေရွန်ကော်နဲလီက “မြန်မာမှာ နှစ်ဘက်စလုံးက ဝေးနေသမျှကာလပတ်လုံး အဓိပ္ပာယ်ပြည့်ဝတဲ့ ဖျန်ဖြေမှု ဖြစ်မလာနိုင်တာက စိန်ခေါ်မှုတခု ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့မယ့် နိုင်ငံရေး ပြေလည်မှုတွေရရှိနိုင်ဖို့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီး ဘာလာ ခရစ်ရှ်နန်ကလည်း တိုက်တွန်းထားပြီး ဒီလိုညှိနှိုင်းဆွေးနွေးတာတွေ လုပ်ဆောင်ဖို့ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ချက်ချင်းလွှတ်ပေးမှပဲ ဖြစ်မယ်လို့လည်း တောင်းဆိုထားပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ အန်အယ်ဒီပါတီနဲ့ အာဏာသိမ်းစစ်တပ်ကြား နိုင်ငံရေး အကျပ်အတည်းကနေ ကျော်လွှားနိုင်ဖို့ အာဆီယံဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ထင်မြင်မှုတွေလည်း ရှိနေသလို တဘက်ကလည်း အာဆီယံ ၁၀ နိုင်ငံ မိသားစု ခေါင်းစဉ်အောက်မှာ အဖွဲ့ဝင်နိုင်ငံတွေကြား နိုင်ငံရေးဆိုင်ရာ အလေးပေးမှုတွေတက် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းရေးတွေအပေါ်မှာသာ ပိုအလေးပေးတယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

REF: Emma Connors / Financial Review

4 days Ago

February 17, 2021

မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်ဆွေးနွေးရန် ကြိုးပမ်း

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု အရေးကို ဆွေးနွေးဖို့ ဖြစ်နိုင်ချေကို အင်ဒိုနီးရှားနိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ တိုင်ပင်နေတယ်လို့ ချန်နယ်နယူးစ် အေးရှ သတင်းဌာနမှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရဒ်နို မာရ်ဆူဒီဟာ သူ့ရဲ့ ဒေသတွင်း ခရီးစဉ်မှာ ပထမဆုံးအနေနဲ့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက စော်ဘွား ဆူလ်တန် ဟတ်ဆာနယ် ဘိုလ်ကီးယားနဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ တွေ့ဆုံခဲ့ရာမှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ချက်ချင်း အစည်းအဝေးခေါ်ဖို့ အရေးကြီးမှုကို ဘရူနိုင်းစော်ဘွားက အလေးပေး ပြောဆိုခဲ့တယ်လို့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

မြန်မာ့အရေး အထူး အစည်းအဝေး ကျင်းပဖို့ ဘရူနိုင်းနိုင်ငံကို ပြောရေး မလေးရှားဝန်ကြီးချုပ် မာယစ်ဒင်ယာဆင်နဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုတို့က သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို အသီးသီး ညွှန်ကြားရေး သဘောတူအပြီးမှာ မာရ်ဆူဒီရဲ့ ခရီးစဉ် စတင်ခဲ့တာပါ။

ဖေဖော်ဝါရီ ၁ ရက်က မြန်မာစစ်တပ်ဟာ ရွေးကောက်ခံ အရပ်သားအစိုးရဆီက အာဏာသိမ်းပြီး တနှစ် အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။  ဒါ့ အပြင် သမ္မတဦးဝင်းမြင့်၊  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက နိုင်ငံရေး ခေါင်းဆောင်တွေ အပါအဝင် မြန်မာ့ နိုင်ငံရေးမှာ ထင်ရှားသူ အတော်များများကိုပါ ဖမ်းဆီးခဲ့ပါတယ်။

စစ်အာဏာစသိမ်းတည်းက မြန်မာနိုင်ငံတွင်းက အခြေအနေကို စိုးရိမ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက ဖော်ပြခဲ့ပြီးပြီ လို့ မဒမ် မာရ်ဆူဒီက ပြောပါတယ်။ ဒါပေမဲ့ မြန်မာကို ကူညီဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အင်ဒိုနီးရှားက ဘာလုပ်နိုင်မလဲဆိုတာ မေးခွန်းဖြစ်နေဆဲပဲလို့ သူက ဆက်ပြောပါတယ်။

အာဆီယံ ပဋိညာဉ်စာတမ်းထဲမှာ ဖော်ပြထားတဲ့ အချက်တွေကို လေးစားဖို့က အာဆီယံ အဖွဲ့ဝင် နိုင်ငံတိုင်းရဲ့ တာဝန်ပဲလို့လည်း သူက ပြောပါတယ်။

အာဆီယံ ပဋိညာဉ် စာတမ်း ပုဒ်မ ၁/၇ ထဲမှာ ဒီမိုကရေစီကို အားဖြည့်ဖို့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို တိုးမြှင့်ဖို့၊ အခြေခံလွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ဖို့ ပါရှိတယ်လို့ မာရ်ဆူဒီက ဆက်ပြောပါတယ်။

 အင်ဒိုနီးရှားဟာ   တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရေး စည်းမျဉ်းကို ကိုင်စွဲပြီး မြန်မာပြည်သူတွေရဲ့ ဘေးကင်းရေး နဲ့ လူမှုဖူလုံရေး အပြုသဘောဆောင်တဲ့ ထိတွေ့မှုကို ထိပ်တန်းဦးစားပေးအနေနဲ့ ဆောင်ရွက်မယ်လို့ မာရ်ဆူဒီက ဆက်ပြောပါတယ်။

လက်ရှိအခြေအနေကို ကျော်လွှားဖို့ မြန်မာကို ကူညီရေး အသင့်တော်ဆုံး နည်းလမ်းက အာဆီယံလုပ်ငန်းစဉ်ပဲ ဆိုတာ အင်ဒိုနီးရှားနိုင်ငံက ယုံကြည်တယ်။ တခြား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း ဆက်ပြီး ဆက်သွယ်သွားမယ်လို့ မာရ်ဆူဒီက ပြောခဲ့ပါတယ်။ 

သူဟာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်နဲ့လည်း  ကြာသပတေးနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

2 weeks Ago
More News
Up