အာဆီယံ ဘုံသဘောတူညီချက်

December 8, 2021

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် တိုးတက်မှုမရှိသဖြင့် စင်ကာပူ စိတ်ပျက်

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်လို့ စင်ကာပူနိုင်ငံက အလွန်စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး မြန်မာပြည်တွင်း အကျပ်အတည်းအဆုံးသတ်ရေးအတွက် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာမှာ ထင်သာမြင်သာရှိရှိ တိုးတက်မှုမရှိလို့ စိတ်ပျက်မိကြောင်း  စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ ရက် မှာ ပြောပါတယ်။

အကြမ်းဖက်မှု ရပ်တန့်ရေး၊ ပါဝင်ပတ်သက်သူအားလုံး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ထပ်မံတောင်းဆိုပြီး အာဆီယံ အထူးသံတမန်ရဲ့ ပံ့ပိုးကူညီမှုအပါအဝင် အချက်ငါးချက်ပါ သဘောတူညီချက်ကို မြန်မြန်ဆန်ဆန်နဲ့ အပြည့်အ၀ အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို လာရောက်မယ့် အာဆီယံအထူးသံတမန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့  မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်းတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံခြားသား အကျဉ်းသားတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုပါကြောင်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ထူထောင်ရေးတို့ကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်းလည်း ဆိုပါတယ်။

ဒီမှတ်ချက်တွေဟာ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့မေးမြန်းမှုအပေါ် ဖြေဆိုခြင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာကျင်းပတဲ့  အရေးပေါ်အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက သဘောတူညီချက် ၅ ချက် သဘောတူခဲ့ကြပါတယ်။ 

သဘောတူညီချက်တွေထဲမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးမှုတွေအဆင်ပြေချောမွေ့စေဖို့ အာဆီယံ အထူးသံတမန်တစ်ဦး ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး စတာတွေ ပါဝင်ပါတယ်။

အဆိုပါသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဆီယံဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အောက်တိုဘာလကကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခဲ့ခြင်း မရှိသလို နိုဝင်ဘာလမှာလည်း အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်မပါဘဲ ကျင်းပခဲ့ပါတယ်။

2 months Ago

November 20, 2021

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာရန် မြန်မာကို ဂျပန်နှင့် ကမ္ဘောဒီးယား တိုက်တွန်း

ဂျပန်နိုင်ငံဟာ သူ့ရဲ့နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ကြိုးပမ်းမှုမှာ ကမ္ဘောဒီးယားကို နောက်ထပ်ပံ့ပိုးကူညီသွားမယ်လို့ ကတိပြုခဲ့ပြီး မြန်မာနိုင်ငံအခြေအနေအပေါ် အာဆီယံရဲ့ သဘောတူညီမှု ငါးရပ်ကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ ဂျပန်နဲ့ ကမ္ဘောဒီးယားတို့က မြန်မာကို တိုက်တွန်းထားပါတယ်။ 

ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ခ်ဆိုခွန်းနဲ့ အသစ်ခန့်အပ်ခံရတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှိ ယိုရှိမာ့ဆာ့တို့ နိုဝင်ဘာလ ၁၈ ရက်နေ့က တယ်လီဖုန်းနဲ့ စကားပြောဆိုရာမှာ အခုလို ကတိပြုခဲ့တာပါ။

နှစ်နိုင်ငံ အပြန်အလှန်လည်ပတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် မြန်မာနိုင်ငံရဲ့အခြေအနေကို ရှည်လျားစွာ ဆွေးနွေးခဲ့ကြတယ်လို့  ကမ္ဘောဒီးယားနိုင်ငံထုတ် ဖနွမ်ပင်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ငြိမ်းချမ်းတဲ့နည်းလမ်း ရှာဖွေရာမှာ အာဆီယံက မြန်မာနိုင်ငံကို ကူညီရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတဲ့ သဘောထားအမြင်ကို မျှဝေခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ကျင်းပတဲ့ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးမှာ သဘောတူခဲ့တဲ့ အချက် ၅ ချက်ကို နှောင့်နှေးမှုမရှိဘဲ အပြည့်အဝ အကောင်အထည် ဖော်သင့်ပါတယ် ဆိုတဲ့အချက်ဟာ ဂျပန်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးရဲ့ အမြင်သဘောထားဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2 months Ago
Up