အာဆီယံ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် မြန်မာ ၀ - ၂ ထိုင်း

December 5, 2016

အာဆီယံ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် မြန်မာ ၀ - ၂ ထိုင်း (ရုပ်သံဟိုက်လိုက်)

အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ မြန်မာအသင်းအနေနဲ့ ထိုင်းကို ၂ ဂိုးပြတ်ရှုံးခဲ့ပေမယ့် ဒုတိယအကျော့အတွက် အကောင်းဆုံးပြင်ဆင်ပြီး လက်ကျန်အခွင့်အရေးအတွက် ကြိုးစားကစားမယ်လို့ မြန်မာနည်းပြ ဂတ်ဇီဆီက ပွဲအပြီးမှာ ပြောပါတယ်။ မနေ့ကပွဲစဉ်မှာ မြန်မာအသင်းဟာ မလေးရှားကို အနိုင်ရခဲ့တဲ့လူစာရင်းအတိုင်း ပွဲထွက်ကစားခဲ့ပေမယ့် ထိုင်းအသင်းကွင်းလယ်ကို မယှဉ်နိုင်ခဲ့ဘဲ တန်ပြန်တိုက်စစ်နဲ့ပဲ ကစားခဲ့ရပါတယ်။ ဒါ့အပြင် ခံစစ်ပိုင်းကလည်း ထိုင်းတိုက်စစ်မှူးတွေကို ထိန်းနိုင်စွမ်းမရှိခဲ့တာကြောင့် ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ မြန်မာဘက်က တန်ပြန်တိုက်စစ်ကနေ အပိုင်အခွင့်အရေးတချို့ရပေမယ့် အောင်သူ အသုံးမချနိုင်ခဲ့ပါဘူး။ မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းဘက်ကို ကန်သွင်းခွင့် ၈ ကြိမ်အထိရခဲ့ပြီး ထိုင်းအသင်းက ၁၄ ကြိမ်အထိ ကန်သွင်းခွင့်ရခဲ့ပါတယ်။ ထိုင်းအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူး တီယာဆေးလ်ဒန်ဒါကပဲ ပထမပိုင်း ပွဲချိန် ၂၃ မိနစ်မှာ ၁ ဂိုး၊ ဒုတိယပိုင်းပွဲချိန် ၅၅ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနည်းပြ ကိုင်တီဆတ်ကတော့ မြန်မာအသင်းဟာ ငယ်ရွယ်တဲ့အသင်းဖြစ်ပြီး အလားအလာကောင်းတွေရှိတဲ့အသင်းဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး ဒုတိယအကျော့မှာလည်း အကောင်းဆုံးယှဉ်ပြိုင်ကစားမယ်လို့ ပြောပါတယ်။ မြန်မာအသင်းဟာ ဒီဇင်ဘာ ၈ ရက်မှာ ထိုင်းအသင်းနဲ့ ဒုတိယအကျော့ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
5 years Ago
Up