အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ

August 5, 2017

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးစတင်၊ လုံခြုံရေး တင်းကျပ်

အကြိမ် ၅၀ မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို ဖိလစ်ပိုင် မြို့တော် မနီလာမှာ ဒီနေ့ စတင်ကျင်းပပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေဟာ တနေကုန် အစည်းအဝေး ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီနောက် ကမ္ဘာတလွှားက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း ထပ်မံတွေ့ဆုံမှာပါ။ ဖိလစ်ပိုင်နိုင်ငံက ဒီနှစ်မှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်နေကြတာပါ။ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ရုရှား မြောက်နဲ့တောင် ကိုရီးယား နှစ်နိုင်၊ အမေရိကန်စတဲ့ နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေလည်း တက်ရောက်မှာပါ။ မြောက်ကိုရီးယားရဲ့ လတ်တလော ဒုံးကျည် ပစ်လွှတ်မှုတွေကို အဓိကထား ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။ အာဆီယံ နဲ့ တခြားအာရှနိုင်ငံတွေက မြောက်ကိုရီးယားအပေါ် ပိုတင်းကြပ်တဲ့ ဒဏ်ခတ် အရေးယူမှုတွေလုပ်ဖို့ အမေရိကန်က ဖိအားပေးဖို့ မျှော်လင့်ထားပါတယ်။ asn1 မြောက်ကိုရီးယားအရေးမှာ အာဆီယံက ပါဝင်ပတ်သက်နေသူ မဟုတ်လို့ ဘက်မလိုက်သူအဖြစ် ကြားဝင် ဖျန်ဖြေပေးဖို့ တချို့ ပညာရှင်တွေက မျှော်လင့်နေပါတယ်။ ဒီအစည်းဝေးကို သြဂုတ် ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ အပြည်ပြည်ဆိုင်ရာ ကွနှ်ဗင်းရှင်းစင်တာ ကျင်းပမှာ ဖြစ်ပြီး လုံခြုံရေးကို အမြင့်ဆုံးအဆင့်ထိ တိုးမြှင့်ထားပါတယ်။ မြို့တော်မနီလာရှိ အစည်းဝေးကျင်းပရာ နေရာတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တည်းခိုတဲ့ ဟိုတယ်တွေအပါအ၀င် အဓိကနေရာတွေမှာ ရဲတပ်ဖွဲ့အင်အား ၁၃၀၀၀ ကျော်ကို တာဝန်ချထားပါတယ်။ လုံခြုံရေးပိုင်း တာဝန်ယူထားသူ ဂျင်နရယ် အယ်ဘာယာဒီက “ရဲဝန်ထမ်းတွေ၊ တခြားအေဂျင်စီတွေက လုံခြုံရေးတွေနဲ့ ဖိလစ်ပိုင် တပ်မတော်က တပ်ဖွဲ့ဝင်တွေကိုပါ တာဝန်ချထားပါတယ်။ အထူးတပ်ဖွဲ့တွေလည်းရှိပါတယ်။ ဒါကြောင့် အဆင်သင့်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ အဓိက လမ်းမကြီးတွေမှာ စစ်ဘက်ယာဉ်တွေကို နေရာချထားပြီး အယောင်ဆောင် ၀င်ရောက်တာကို တားဆီးဖို့ နည်းပညာသစ်နဲ့ လုံခြုံရေး အသိမှတ်ပြုကတ်တွေကိုလည်း အသုံးပြုထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up