အာဆီယံအမျိုးသမီးချန်ပီယံရှစ်

July 6, 2018

မြန်မာအမျိုးသမီးအသင်း အိမ်ရှင် အင်ဒိုနီးရှားကို ၆ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် အုပ်စုပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်းနဲ့ အိမ်ရှင် အင်ဒိုနီးရှားတို့ မနေ့က ယှဉ်ပြိုင်ရာ မြန်မာအသင်းက ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအမျိုးသမီးဟာ ပထမပွဲစဉ်က ပွဲထွက်ကစားသမားတချို့ကို အပြောင်းအလဲ လုပ်ခဲ့ပြီး အရန်တချို့ကို ပွဲထုတ်ခဲ့ပါတယ်။ ပွဲစကတည်းက တိုက်စစ်ဆင်ကစားတဲ့ မြန်မာအသင်းရဲ့ ကစားပုံကို အင်ဒိုနီးရှားအသင်း ယှဉ်မကစားနိုင်ဘဲ ဂိုးပြတ်အရှုံးပေးလိုက်ရတာပါ။ မြန်မာအသင်းအတွက် ဂိုးတွေကို ပွဲချိန် ၄ မိနစ်၊ ၁၂ မိနစ်၊ ၅၆ မိနစ်နဲ့ ၆၅ မိနစ်တွေမှာ ဝင်းသိင်္ဂီထွန်း၊ ၂၃ မိနစ်မှာ သန္တာမိုးနဲ့ ၈၃ မိနစ်မှာ ဂျူလိုင်ကျော်တို့က သွင်းယူပေးခဲ့ပါတယ်။ အင်ဒိုနီးရှားအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၆၆ မိနစ်မှာ ဟာလီနာက သွင်းယူပေးခဲ့ပါတယ်။ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အိမ်ရှင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်တို့နဲ့ တအုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာလည်း ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါသေးတယ်။ အုပ်စုတွင်း တခြားပွဲစဉ်အဖြစ် မနေ့ကပဲ ယှဉ်ပြိုင်တဲ့ ဗီယက်နမ်နဲ့ စင်ကာပူတို့ ပွဲစဉ်မှာတော့ ဗီယက်နမ်အမျိုးသမီးအသင်းက ၁၀ ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒီအုပ်စုက နှစ်ပွဲစီ ယှဉ်ပြိုင်အပြီးမှာတော့ မြန်မာနဲ့ ဗီယက်နမ်တို့က နှစ်ပွဲစလုံး အနိုင်ရထားပြီး ဂိုးကွာခြားချက်အရ ဗီယက်နမ်က အုပ်စု ပထမ၊ မြန်မာက ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုတွင်း လက်ကျန်ပွဲစဉ်အဖြစ် လာမယ့် ဇူလိုင် ၇ ရက်နေ့မှာ စင်ကာပူ၊ ၉ ရက်နေ့မှာ ဗီယက်နမ်တို့နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago
Up