အာဆီယံဆူဇူကီးပြိုင်ပွဲ

December 8, 2016

ဗီယက်နမ်ကို သရေကန်ပြီး အင်ဒိုနီးရှားအသင်း အာဆီယံဆူဇူကီးပြိုင်ပွဲ ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

အာဆီယံဆူဇူကီးဖလား ၂၀၁၆ ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ ဒီဇင်ဘာ ၇ ရက်ညနေက ယှဉ်ပြိုင်ရာ ၂ ဂိုးစီသရေကျပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ အင်ဒိုနီးရှားအသင်း အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ပထမအကျော့ အင်ဒိုကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဗီယက်နမ်အသင်းဟာ အခု အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ အနိုင်ရဖို့အတွက် ကြိုးစားခဲ့သလို သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အချိန်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီသရေဖြစ်နေလို့ အချိန်ပိုဆက်လက်ကန်ရာ ပွဲချိန် ၉၇ မိနစ်မှာ အင်ဒိုနီးရှားအသင်းက ၁ ဂိုး ထပ်သွင်းခဲ့ပြီး အနိုင်ရခဲ့တာပါ။ ပွဲချိန် ၇၅ မိနစ်မှာ ဗီယက်နမ်ဂိုးသမား အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး တယောက်လျော့အနေအထား ဖြစ်သွားတဲ့အတွက်လည်း အချိန်ပိုမှာ အင်ဒိုနီးရှားက ပွဲကိုထိန်းချုပ်ကစားပြီး လိုအပ်တဲ့အနိုင်ဂိုးသွင်းယူ အောင်ပွဲခံသွားတာ ဖြစ်ပါတယ်။ ဒီနေ့ညနေ ဒေသစံတော်ချိန် ၆ နာရီခွဲမှာ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ထိုင်းအသင်းနဲ့ မြန်မာအသင်းတို့ ဘန်ကောက်မြို့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ အင်ဒိုနီးရှားနဲ့ ဗိုလ်လုပွဲမှာတွေ့ဆုံ ယှဉ်ပြိုင်ရမှာပါ။ ပထမအကျော့ ရန်ကုန်မြို့မှာ ယှဉ်ပြိုင်စဉ်တုန်းကတော့ ထိုင်းအသင်းက မြန်မာကို ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။
5 years Ago
Up