အာဆီယံ

January 10, 2022

မြန်မာပြည်သူများ ဘေးကင်းရေး စိုးရိမ်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးပြော

တစ်နှစ်နီးပါးကြာနေပြီဖြစ်တဲ့  နိုင်ငံရေးအကျပ်အတည်းကြားမှာ မြန်မာပြည်သူတွေရဲ့ ဘေးကင်းရေးနဲ့ သက်သာချောင်ချိရေးဟာ အင်ဒိုနီးရှားနိုင်ငံအတွက် အမြဲတမ်း စိုးရိမ်စရာဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီကပြောပါတယ်။

ဟိုးအစကတည်းက အင်ဒိုနီးရှားဟာ ပံ့ပိုးကူညီဖို့ ကတိကဝတ်ကို ပြသခဲ့ပါတယ်လို့ ဇန်နဝါရီ ၆ ရက် သတင်းထုတ်ပြန်ချက်မှာ ဝန်ကြီးမာဆူဒီက မှတ်ချက်ပြု ပြောကြားခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီရဲ့ တစိတ်တပိုင်းအဖြစ် ၂၀၂၁ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံရှိ ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။ 

လက်ရှိ နိုင်ငံရေးအကျပ်အတည်းတွေ ဆက်ဖြစ်နေရင် မြန်မာနိုင်ငံမှာသာမက အာဆီယံနဲ့ ပိုကျယ်ပြန့်တဲ့ဒေသတွေထိပါ တည်ငြိမ်ရေးနဲ့ လုံခြုံရေး ထိခိုက်လိမ့်မယ်လို့ ဝန်ကြီးက မှတ်ချက်ပြုပါတယ်။

အာဆီယံခေါင်းဆောင်တွေ ၂၀၂၁ ခုနှစ် ဧပြီလက ဂျကာတာမှာ အစည်းအဝေးကျင်းပပြီး သဘောတူညီမှုငါးရပ်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ဒီအချက်ငါးချက် သဘောတူညီမှုဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံအတွက် လမ်းညွှန်ချက်တစ်ခုအနေနဲ့ အထောက်အကူဖြစ်စေမှာပါလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း အာဆီယံ အချက်ငါးချက် သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိသရွေ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံမှ နိုင်ငံရေးအဆင့် ကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့ အာဆီယံအတွက် ခက်ခဲမယ်လို့လည်း ဝန်ကြီးက မှတ်ချက်ချခဲ့ပါတယ်။ အာဆီယံအနေနဲ့ ဒီပူးတွဲကတိကဝတ်ကို လိုက်နာရမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံရဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ စည်းလုံးညီညွတ်မှုကို ခိုင်မာစေဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဝန်ကြီးက မှတ်ချက်ပြုခဲ့ပါတယ်။ 

အာဆီယံဟာ အင်ဒို-ပစိဖိတ်ဒေသတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတို့အတွက် အခိုင်အမာ ဆက်လက်ဆောင်ရွက်သွားရမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ 

ဒါ့အပြင် အာဆီယံအနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာက စိန်ခေါ်မှုအသစ်တွေကို ဆက်စပ်မှုရှိနေဖို့ လိုအပ်ပြီး သင့်လျော်သလို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အလေးပေး ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူညီထားတဲ့ အချက်ငါးချက်ကို ရိုးသားစွာ လက်ခံပြီး အကောင်အထည်ဖော်ဖို့ အာဆီယံဟာ အစောပိုင်းကတည်းက မြန်မာနိုင်ငံကို တောင်းဆိုခဲ့ပါတယ်။

အာဆီယံက မိသားစုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွက် မိသားစုဝင်တဦးကို ကူညီတာထက် မပိုကြောင်းနဲ့ တဘက်ကလည်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ကူညီဖို့ စိတ်ရင်းမှန်နဲ့ ကြိုဆိုပေးတာကို မြင်ချင်ကြောင်း အာဆီယံဆိုင်ရာ အင်ဒိုနီးရှား အမြဲတမ်းကိုယ်စားလှယ် အဒီပက်မိုဆာဝိုနိုက မြန်မာ့အကျပ်အတည်းနဲ့ အာဆီယံရဲ့ အနာဂတ်" ဆိုင်ရာဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း အာဆီယံဟာ အချက်ငါးချက် သဘောတူညီမှုကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှု တစုံတရာ မတွေ့ရသေးကြောင်းလည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တစ်ယောက်ယောက်က လက်ကမ်းကူညီပေးချင်ပေမယ့် တစ်ဖက်က ရိုးရိုးရှင်းရှင်း လက်မခံပေးရင် ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှာရ အရမ်းခက်တယ်လို့ ထောက်ပြပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကတိကဝတ်ကို မဆောင်ရွက်ဘူးလို့ ရှုမြင်ကြပြီး   အာဆီယံသဘောတူညီချက် ၅ ချက်ကို လုံလောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိတဲ့အတွက် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တက်ခွင့်မပြုခဲ့ပါဘူး။ 

ကိုးကား- Antara News

1 week Ago

January 5, 2022

ဟွန်ဆန် ဘယ်သူလဲ..

လာမယ့်ရက်ပိုင်းအတွင်း ကမ္ဘောဒီးယား သက်တော်ရှည် ဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်ကို ရောက်လာပါတော့မယ်။ သက်တော်ရှည်လို့ ဆိုရတာက သူဟာ အရှေ့တောင်အာရှမှာ အာဏာသက်တမ်းအရှည်ဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်နေလို့ပါ။

ခေတ်သစ် ကမ္ဘောဒီးယားသမိုင်းလို့ ဆိုရမယ့် ကမ္ဘောဒီးယားပြည်တွင်းစစ်နောက်ပိုင်းမှာ သူဟာ အဓိကဇာတ်ဆောင်အဖြစ် ဒီနေ့အထိ ပါဝင်နေပါတယ်။ ကမ္ဘာက အသိအမှတ်ပြုမခံရတဲ့ ကမ်ပူးချား အစိုးရလက်ထက် ၁၉၈၅ ခုနှစ်ကနေ ဒီနေ့အထိ ပုံစံအမျိုးမျိုးနဲ့ အာဏာကို စွဲကိုင်ထားခဲ့တဲ့ ဟွန်ဆန်ဟာ ခုတော့ အာဆီယံမှာ ကယ်တင်ရှင်ကြီးတစ်ဦးလို ရှေ့ထွက်လာပြန်တယ်။

မကြာသေးမီကမှ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို ရယူလိုက်တဲ့ ကမ္ဘောဒီးယားဟာ အာဆီယံနိုင်ငံတွေကြား ဆူးတစ်ချောင်းလို ဖြစ်နေတဲ့ မြန်မာပြဿနာကို ကြားဝင်ဖို့ ဒီခရီးစဉ်ကို စတင်လိုက်တာ ဖြစ်တယ်။ သူ ဖြတ်သန်းခဲ့တဲ့ ကမ္ဘောဒီးယား ငြိမ်းချမ်းရေးဖြစ်စဉ် အတွေ့အကြုံအရ မြန်မာပြဿနာကို သူ ကြားဝင် ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်နေပုံရတယ်။ 

ဒီခရီးစဉ် ဖြစ်လာခဲ့ရတာလည်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖယ်ကြဉ်ခံထားရတဲ့ မြန်မာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် လာရောက်အပြီး ရုတ်တရက် ထွက်ပေါ်လာတာပါ။ ဒီဇင်ဘာ ၇ ရက်၊ ဝဏ္ဏမောင်လွင်ရဲ့ ချဉ်းကပ်လာမှုကို ဟွန်ဆန်က လက်ခံလိုက်ပြီးတဲ့နောက် ခု လာမယ့် ဇန်နဝါရီ (၇/၈)ရက်မှာ မြန်မာပြည်လာဖို့ ဖြစ်လာခဲ့တာပါ။ ဒီခရီးစဉ်သာ စတင်ခဲ့ရင် ဟွန်ဆန်ဟာ အာဏာသိမ်းပြီး ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံကို ပထမဦးဆုံး တရားဝင် သွားရောက်တဲ့ အာဆီယံခေါင်းဆောင်တစ်ဦး ဖြစ်လာတော့မှာပါ။ 

နိုင်ငံတကာအသိအမှတ်ပြုမှုကို အာသာငမ်းငမ်းတောင့်တနေတဲ့ စစ်ကောင်စီအတွက်တော့ ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ အသက်ရှူပေါက်တစ်ခုပါ။ မြန်မာနိုင်ငံမှာ စစ်တပ်က ရုတ်တရက် အာဏာသိမ်းလိုက်ပြီးကတည်းက အာဆီယံနိုင်ငံများကရော ကမ္ဘာ့နိုင်ငံအများအပြားကပါ ပြစ်တင်ရှုတ်ချခဲ့ကြတယ်။

အာဆီယံအနေနဲ့ မြန်မာပြဿနာကို အဖြေရှာဖို့ ပြီးခဲ့တဲ့ ဧပြီလအတွင်း အင်ဒိုနီးရှားမှာ တွေ့ဆုံခဲ့ကြပြီး သဘောတူညီချက် ၅ ချက် ချမှတ်ခဲ့တယ်။ မြန်မာ စစ်ခေါင်းဆောင်ဟာ ဒီအချက်တွေကို လိုက်နာအကောင်အထည်ဖော်မယ်လို့ ကတိပြုခဲ့ပေမယ့် နောက်ပိုင်းမှာ ကတိမတည်ခဲ့တဲ့အတွက် အောက်တိုဘာလအတွင်း ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးနှစ်ခုမှာ မြန်မာကို ချန်လှပ်ခဲ့တယ်။ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခွင့်မရတဲ့အဆုံး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် အာဆီယံဥက္ကဋ္ဌ ဖြစ်လာမယ့် ကမ္ဘောဒီယားကို သွားရောက်ချဉ်းကပ်ရာက ဟွန်ဆန်ရဲ့ ဒီခရီးစဉ် ဖြစ်လာရတာပါ။ 

ဆယ်စုနှစ် လေးခုနီးပါး အာဏာကို ချုပ်ကိုင်လာတဲ့ ဟွန်ဆန်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ကန့်ကွက် ဝေဖန်သံတွေ ဆူညံလို့ ထွက်လာပါတယ်။ ဒီခရီးစဉ်ဟာ ကမ္ဘောဒီယားအစိုးရရဲ့ တရားဝင်ခရီးစဉ်လား။ အာဆီယံဥက္ကဋ္ဌ ကိုယ်စားပြုခရီးစဉ်လား။ ကမ္ဘာက ဖယ်ကြဉ်ထားခံရတဲ့ အာဏာသိမ်းစစ်အစိုးရတစ်ရပ်ကို အသိအမှတ်ပြုသလို ဖြစ်နေတဲ့ ဒီခရီးစဉ်ကို ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာတဲ့အခါ ဟွန်ဆန်က..

“ကျုပ်ကို မနှောင့်ယှက်ပါနဲ့၊ ခင်ဗျားတို့က ကျုပ်ဆရာ မဟုတ်သလို ကျုပ်ကလည်း ခင်ဗျားတို့ ဆရာ မဟုတ်ဘူး” လို့ ခပ်ပြတ်ပြတ် တုံ့ပြန်ခဲ့တယ်။ ဟွန်ဆန်က အာဆီယံဆယ်နိုင်ငံမှာ တနိုင်ငံ ပဲ့နေလို့ မဖြစ်ဘူး။ မြန်မာကလည်း ပါဝင်ဖို့အခွင့်အရေးရှိတယ်လို့ ဆိုတယ်။ မြန်မာကိစ္စကို ဘယ်သူ သဘောတူတူ၊ မတူတူ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ သူ ကြားဝင်ပေးမယ်လို့ ဆိုတယ်။  အာဆီယံနိုင်ငံတွေကတော့ သဘောတူညီချက် ၅ ချက် ကတိကို ချိုးဖောက်တဲ့ မြန်မာနဲ့ မဆက်ဆံစေချင်သေးဘဲ အထူးကိုယ်စားလှယ်သာ စေလွှတ်သင့်တယ်လို့ ယူဆတယ်။

တကယ်တော့ ဟွန်ဆန်ဟာ ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး အာဏာရှင်ခေါင်းဆောင်တစ်ဦးပါ။ ၁၉၈၅ ခုနှစ်ကနေ ဒီနေ့အထိ ၃၆ နှစ်ကြာ ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် အာဏာကို နည်းမျိုးစုံနဲ့ ရယူထားသူပါ။ သူဟာ ပိုပေါ့ရဲ့ ခမာနီတပ်သား တစ်ဦးဘဝကနေ ကမ္ဘောဒီးယားပြည်တွင်းစစ်အပြီး ဝန်ကြီးချုပ်နေရာအထိ ရောက်ရှိလာသူပါ။ ၁၉၇၇ မှာ ခမာနီကနေ ခွဲထွက်ပြီး ပိုပေါ့အစိုးရကို ဗီယက်နမ်စစ်တပ် အကူအညီနဲ့ တိုက်ထုတ်နိုင်ခဲ့တယ်။ ပိုပေါ့အလွန် ဗီယက်နမ်ရုပ်သေး ကမ်ပူးချားအစိုးရမှာ ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်လာပြီး မတူကွဲပြားတဲ့ နိုင်ငံရေးအုပ်စုတွေအကြား ပါရီသဘောတူစာချုပ်နဲ့ ငြိမ်းချမ်းရေးရယူခဲ့တယ်။ ၁၉၉၁ခုနှစ် အောက်တိုဘာလမှာ ချုပ်ဆိုခဲ့တဲ့ ကမ္ဘောဒီးယား ငြိမ်းချမ်းရေး ပါရီသဘောတူစာချုပ်အရ ခမာနီအပါအဝင် အုပ်စုကွဲတွေအားလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘောဒီးယားပြည်တွင်းစစ် ချုပ်ငြိမ်းသွားခဲ့တယ်။ ဒီသဘောတူစာချုပ်အရပဲ “ကုလသမဂ္ဂ ကြားကာလ ကမ္ဘောဒီးယား အုပ်ချုပ်ရေးအဖွဲ့” ( UNTAC) United Nations Transitional Authority in Cambodia ပေါ်ပေါက်လာပြီး ကုလသမဂ္ဂတပ်တွေ ဝင်ရောက် ထိန်းသိမ်းကြီးကြပ်ပေးမှုနဲ့ ၁၉၉၃ မှာ ပထမဦးဆုံး ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တယ်။ 

ဒီရွေးကောက်ပွဲမှာ မင်းသားကြီး ရာနာရစ်ရဲ့ ဖန်စီပက် FUNCINPEC ပါတီက မဲအများနဲ့ အနိုင်ရပေမယ့် အငြင်းပွားမှုတွေ ဖြစ်ပြီး ဟွန်ဆန်နဲ့ အာဏာခွဲယူဖို့ ဖြစ်လာတယ်။ အဲဒီအချိန်က ဟွန်ဆန်ဟာ အင်အားအများဆုံးရှိတဲ့ ကမ်ပူးချားတပ်ကို ဦးဆောင်နေတာ ဖြစ်တယ်။ မင်းသား ရာနာရစ် နောက်မှာ တပ်မရှိဘူး။ ဒီလိုနဲ့ တစ်ယောက်က ပထမ ဝန်ကြီးချုပ်၊ နောက်တစ်ယောက်က ဒုတိယဝန်ကြီးချုပ် သက်တမ်းတစ်ဝက်၊ တစ်လှည့်စီ တာဝန်ယူနေကြတုန်း သဘောထားကွဲမှုတွေ ထပ်ဖြစ်လာပြီး ၁၉၉၇ မှာ ဟွန်ဆန်က အာဏာသိမ်းပြီး ရာနာရစ်ကို မောင်းထုတ်လိုက်တယ်။ နောက်ပိုင်း ကျင်းပတဲ့ ရွေးကောက်ပွဲတိုင်းမှာလည်း ဟွန်ဆန်ရဲ့ CPP (Cambodia People Party) ကပဲ အမြဲအနိုင်ရပြီး ဝန်ကြီးချုပ်ရာထူးနဲ့ အာဏာကို ရယူထားခဲ့တယ်။ ၂၀၁၃ ရွေးကောက်ပွဲမှာတော့ ဟွန်ဆန်ရဲ CPP က မဲအပြတ်အသတ် အနိုင်မရတော့ပဲ ဆမ်ရိမ်ဆေနဲ့ ကမ်ဆိုခတို့  ဦးဆောင်တဲ့ CNRPပါတီက ထောက်ခံသူ ပိုများလာတယ်။ ဒီပါတီဟာ ဟွန်ဆန်ရဲ့ အာဏာရပါတီကို အဓိက စိန်ခေါ်လာနိုင်တဲ့ ပါတီဖြစ်လို့ ခေါင်းမထောင်နိုင်အောင် လုပ်ခဲ့တယ်။ 

၂၀၁၇ စက်တင်ဘာမှာ ပါတီခေါင်းဆောင် ကမ်ဆိုခကို အာဏာလုဖို့ ကြိုးပမ်းအားထုတ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နိုဝင်ဘာလမှာ ဗဟိုတရားရုံး၊ တရားသူကြီးရဲ့ အမိန့်နဲ့ CNRP ပါတီကို ဖျက်သိမ်းပစ်ခဲ့တယ်။ လွှတ်တော်အမတ်တွေကို ဖယ်ရှားလိုက်ပြီး တခြားပါတီက လူတွေနဲ့ အစားထိုးလိုက်တယ်။ ဆမ်ရိန်ဆေ အပါအဝင် ပါတီဝင် ၁၁၈ ယောက်ကို နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်လိုက်တဲ့အတွက် ကမ္ဘောဒီးယားမှာ ဒီနေ့ အဓိက အတိုက်အခံပါတီ မရှိတော့ပါဘူး။ ဒီဖြစ်ရပ်ကို “ကမ္ဘောဒီးယား ဒီမိုကရေစီသေဆုံးခြင်း”လို့ ကင်ပွန်းတပ်ကြတယ်။ 

ဟွန်ဆန်ဟာ နှစ်ပေါင်း ၃၀ ကျော် အာဏာကို ဆက်တိုက် ချုပ်ကိုင်ရယူထားရုံမက နောင်လာမယ့် ကာလတွေမှာလည်း သူ့မျိုးဆက်ကပဲ ဦးဆောင်နိုင်ဖို့ သားကြီးဖြစ်သူ ဟွန်မာနက်ကို မကြာသေးမီက CPP ပါတီခေါင်းဆောင်နဲ့ သူ့နေရာကို ဆက်ခံမယ့်သူအဖြစ် ရွေးချယ် သတ်မှတ်ခဲ့တယ်။ မကြာခင်ကတော့ ဝန်ကြီးချုပ်တစ်ဦးရဲ့ သက်တမ်းကို အသက် ၇၂ နှစ်အထိ သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ဒီသက်တမ်းဟာ ဟွန်ဆန်ရဲ့ နောက်ဆုံးဝန်ကြီးချုပ်သက်တမ်း ဖြစ်လာတော့မယ်။ 

အရှေ့တောင်အာရှမှာ ပြည်တွင်းစစ်ပဋိပက္ခတွေကြောင့် ဆင်းရဲတွင်းနက်ခဲ့တဲ့ ကမ္ဘောဒီးယားဟာ ခုတော့ အာဆီယံဥက္ကဋ္ဌ နေရာကို ဆက်ခံခဲ့ပါပြီ။ တစ်ခါတုန်းက ခမာနီစစ်သား၊ နောက်တော့ ဗီယက်နမ်ရုပ်သေးအစိုးရခေါင်းဆောင်အဖြစ် တရုတ်နဲ့ သဟဇာတမဖြစ်ခဲ့တဲ့ ဟွန်ဆန်ဟာ ခုနောက်ပိုင်းမှာတော့ တရုတ်ရဲ့ အဓိကမဟာမိတ်၊ တရုတ်ရဲ့ အထောက်အပံ့ခံအဖြစ် ရပ်တည်နေပါပြီ။ 

ဟွန်ဆန်ဟာ နည်းလမ်းမျိုးစုံနဲ့ အာဏာကို ချုပ်ကိုင်ထားသူဖြစ်ပေမဲ့ ပြီးခဲ့တဲ့ နှစ်များအတွင်း ကမ္ဘောဒီယားရဲ့ စီးပွားရေးဟာ အပေါင်းလက္ခဏာ ပြခဲ့တယ်။ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ သူဟာ ပဋိပက္ခတွေကို ပညာသားပါပါ ကျော်လွှားပြီး အာဏာကို ထိန်းချုပ်ခဲ့တယ်။ 

တကယ်တော့ အာဏာရဲ့ အဓိက ကျောရိုးဟာ စစ်တပ်ပါပဲ။ သူဟာ ဗီယက်နမ်စစ်တပ် အကူအညီနဲ့ ပို့ပေါ့အစိုးရကို မောင်းထုတ်ပြီးကတည်း ကမ္ဘောဒီးယား လက်နက်ကိုင်တပ်ကို ဦးဆောင်လာခဲ့တယ်။ ဒီလောက်ဆို ဟွန်ဆန်ရဲ့ လာရာလမ်းကို ခန့်မှန်းလို့ ရလောက်ပါပြီ..။

ချစ်ဝင်းမောင်

2 weeks Ago
More News
Up