အာဆင်နယ်အသင်း နောက်ခံလူ မိန့်လန်နိုင်းစ်ကို ဝက်စ်ဘရွန်းနဲ့ ဆောက်သမ်တန်အသင်း တွေက ခေါ်ယူလိုနေပါတယ်။
အသက် ၂၃ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မိန့်လန်နိုင်းစ်ဟာ အာဆင်နယ်မှာ ပွဲထွက်ခွင့်နည်းပါးနေပြီး ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့လိုနေတာပါ။
သူဟာ နောက်ခံလူနေရာထက် ကွင်းလယ်တောင်ပံမှာ ထွက်ကစားဖို့ ဆန္ဒရှိနေပြီး ဝက်စ်ဘရွန်းနဲ့ ဆောက်သမ်တန်အသင်းတွေက ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းဘက်ကတော့ မိန့်လန်နိုင်းစ်ကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခွင့်ပြုဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
မာတင်အိုဒီဂတ်ဟာ အာတီတာရဲ့ကစားကွက်မှာ အံဝင်လိမ့်မယ်လို့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းက သုံးသပ်လိုက်ပါတယ်။
ဟာလန်းနဲ့ အိုဒီဂတ်တို့ဟာ နော်ဝေလက်ရွေးစင်အသင်းမှာ တွဲဖက်ကစားနေကြ သူတွေ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အိုဒီဂတ်က အာဆင်နယ်အသင်းဆီ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ ဟာလန်းက အသင်းဖော် အိုဒီဂတ် ကို ချီးကျူးခဲ့တာပါ။
“အာဆင်နယ်က အင်္ဂလန်မှာ အသင်းကြီး တစ်သင်း ဖြစ်တာကြောင့် သူပြောင်းရွှေ့ ကစားတာက စိတ်ဝင်စားစရာပါ။ တခြားလိဂ်တွေနဲ့ ကစားပုံအနည်းငယ် ကွာခြားပေမဲ့ အိုဒီဂတ် အနေနဲ့ နည်းပြအာတေတာရဲ့ နံပါတ်၁၀နေရာမှာ အံဝင်ခွင်ကျ ဖြစ်ပါလိမ့်မယ်။ သူပျော်ရွှင်စွာနဲ့ ကစားနိုင်ပါတယ်။ ပွဲကစားချိန်ပိုရဖို့ သွားတယ်ဆိုတာက ရှင်းလင်းပါတယ်။ ဒါက သူလိုအပ်တဲ့ အရာလည်းဖြစ်တယ်”လို့ ဟာလန်းက နော်ဝေအသင်းဖော် အိုဒီဂတ်နဲ့ ပတ်သက်ပြီး သုံးသပ်သွားခဲ့ တာ ဖြစ်ပါတယ်။