အာဆင်နယ် ကြိုးပမ်း

February 9, 2020

အာစင်ဝင်းဂါးကို ပြန်ခေါ်ရန် အာဆင်နယ် ကြိုးပမ်း

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးကို အသင်းကို ပြန်ခေါ်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဝင်းဂါးဟာ သူတို့ရဲ့ ၂၂ နှစ်ကြာ အာဆင်နယ်နည်းပြ သက်တမ်းကို  ၂၀၁၈ ခုနှစ်မှာ ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။  သူ့နေရာကို အူနိုင်းအမ်မရီက အစားဝင်ခဲ့ပေမယ့် ဒီနည်းပြဟာ မကြာခင်တုန်းကပဲ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းကို  ဝင်းဂါးရဲ့ တပည့်ဟောင်း အာတီတာက ကိုင်တွယ်နေပြီး အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေကတော့ ဝင်းဂါးအား အာဆင်နယ်အသင်းကို ပြန်လာဖို့ စည်းရုံးနေပြီလို့ သိရပါတယ်။ ဝင်းဂါးဟာ ပြီးခဲ့တဲ့နှစ်မှာ ဖီဖာရဲ့ ရာထူးတနေရာကို လက်ခံခဲ့သူဖြစ်ပြီး အာဆင်နယ် အသင်းကို နောက်တခါ ပြန်လာဖို့ဆို တော်တော်လေး စဉ်းစားယူရမယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ လက်ရှိ အာဆင်နယ်နည်းပြ အာတီတာဟာ အာဆင်နယ်အသင်းရဲ့ ထုံးထမ်းစဉ်လာတွေကို သိရှိဖို့ ကြိုးစားနေသူ ဖြစ်ပြီးတော့ သူဟာ တချိန်တုန်းက အာဆင်နယ်အသင်းရဲ့ လူဟောင်းတွေနဲ့ စကားပြောဆိုတာတွေ လုပ်ကာ ဟိုက်ဘူရီ ကွင်းဟောင်းကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်ဘုတ်အဖွဲ့ဝင်တွေက အသင်းကို ဝင်းဂါး ပြန်လည်ရောက်ရှိလာခြင်းက အသင်းရဲ့ပရိသတ်တွေအတွက် အားဖြည့်မှုတခုဖြစ်ကာ လက်ရှိနည်းပြ အာတီတာကိုလည်း တနည်းတဖုံ အကူအညီ ဖြစ်စေနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ သတင်းတွေအရ အာဆင်နယ်အသင်းရဲ့ အရေးပါတဲ့ လူပုဂ္ဂိုလ်တွေဟာ ဝင်းဂါးကို အသင်းဆီ  ပြန်လည်ခေါ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပြီးဖြစ်ကာ လက်ရှိအချိန်မှာ ဂန္ထဝင်နည်းပြကြီးရဲ့ ဂုဏ်ပုဒ်အတွက် သူ့ရဲ့ရာထူးကို စဉ်းစာနေတယ်လို့ သိရပါတယ်။ အာစင်ဝင်းဂါးဟာ အာတီတာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာနဲ့ပတ်သက်လို့ ထောက်ခံ ပြောဆိုမှု ပြုလုပ်ခဲ့ပေမယ့် နည်းပြသစ်နဲ့ နည်းပြဟောင်းကို ထုတ်ပယ်ခံရတဲ့ ကိစ္စတွေမှာတော့  မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။  “ကျနော်လည်း အာဆင်နယ်အသင်းရဲ့ ပရိသတ်တဦးပါပဲ။ ကျနော် အရင်တုန်းကလည်း ဒီလိုပဲ ပြောခဲ့ဖူးပါတယ်” လို့ ဝင်းဂါးက ဒီဇင်ဘာလက ပြောပါတယ်။  “အာတီတာက အာဆင်နယ်နည်းပြအဖြစ် ရှိနေတယ်ဆိုရင် သူ့ကို ထောက်ခံအားပေး သွားမှာပါ။ ကျန်တဲ့ကိစ္စတွေကတော့ ခင်ဗျားတို့ မြင်တွေ့ရတဲ့အတိုင်း အာဆင်နယ်အသင်းဟာ ခက်ခဲတဲ့အချိန်ကာလတခုကို ကျော်ဖြတ်နေရတာကြောင့်  ထွေထွေထူးထူးတော့ ပြောမနေ ချင်တော့ပါဘူး။ အာဆင်နယ်ပရိသတ်တဦး ဖြစ်တာကြောင့် တခြားပရိသတ်တွေနည်းတူ ခံစားနေရပါတယ်” လို့ ဝင်းဂါးက ပြောပါတယ်။ အသက် ၇၀ အရွယ် ဝင်းဂါးဟာ အာဆင်နယ်အသင်းရဲ့ နည်းပြဘဝကို မလှမပ ဇာတ်သိမ်းခဲ့ရသူ ဖြစ်ပေမယ့် သူဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ လုံး ရရှိခဲ့ပြီး မျက်မှောက်ခေတ် အာဆင်နယ်အသင်းမှာ အောင်မြင်မှုအရှိဆုံး နည်းပြအဖြစ် သတ်မှတ်ခံထားရပါတယ်။
1 year Ago
Up