အာဆင်နယ်တွင်ကစားရန် အမြဲတမ်းစိတ်ကူးခဲ့ဟု တိုက်စစ်မှူး လာကာဇက်တီ ပြော

July 6, 2017

အာဆင်နယ်တွင်ကစားရန် အမြဲတမ်းစိတ်ကူးခဲ့ဟု တိုက်စစ်မှူး လာကာဇက်တီ ပြော

အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကစားခွင့်ရရေးဟာ သူ့ရဲ့ ငယ်ဘဝအိပ်မက် ဖြစ်တယ်လို့ ကစားသမားသစ် လာကာဇက်တီက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းတိုက်စစ်မှူး လာကာဇက်တီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၄၆ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ခြေစွမ်းအပေါ်မူတည်ကာ နောက်ထပ် ပေါင် ၇ သန်း ပေးချေရမှာပါ။ အာဆင်နယ်ကစားသမားဟောင်းတွေဖြစ်တဲ့ သီယာရီအွန်နရီနဲ့ တခြား ပြင်သစ်ကစားသမားတွေကို မိမိငယ်စဉ်ကတည်းက လေးစားအားကျခဲ့ရပြီး သူတို့လိုပဲ အာဆင်နယ်အသင်းမှာ ကစားဖို့ အမြဲတမ်း စိတ်ကူးခဲ့တယ်လို့ လာကာဇက်တီက ဆိုပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးတဦးဖြစ်လို့ ဂိုးတွေသွင်းချင်တာမှန်ပေမယ့် အသင်းရဲ့ ကစားသမားတွေအားလုံးနဲ့ ချိတ်ဆက်ကစားမယ်လို့လည်း သူက ဆိုပါတယ်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကလည်း အဆုံးသတ်ပိုင်းနဲ့ လျင်မြန်မှုကောင်းသလို ကြံ့ခိုင်မှုလည်း ကောင်းမွန်တဲ့ လာကာဇက်တီကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။ လာကာဇက်တီဟာ အာဆင်နယ်အသင်းနဲ့ ၅ နှစ်သက်တမ်းစာချုပ် ချုပ်ဆိုခဲ့ပြီး သြစတြေးလျနဲ့ တရုတ် လေ့ကျင့်ရေးခရီးစဉ်တွေမှာ အသင်းနဲ့အတူ စတင်လိုက်ပါ လေ့ကျင့်မှာဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရှိ လာကာဇက်တီဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်အသင်းမှာ ၄၅ ပွဲကစားပြီး ၃၇ ဂိုးအထိ သွင်းခဲ့ပါတယ်။
6 years Ago
Up