အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက်ကို ခေါ်ယူဖို့ ကလပ်အသင်း အတော်များများက စိတ်ဝင်စားနေပါတယ်။
ဒန်နီဝဲလ်ဘက်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာတာကြောင့် အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားမယ့်စာရင်းမှာ ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ခြေချင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသခဲ့ရလို့ အနားယူနေရတဲ့ ဝဲလ်ဘက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲပဲ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာပြီဖြစ်တဲ့ ဝဲလ်ဘက်ကို အီတလီကလပ် လာဇီယိုအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်အသင်း အများအပြားကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။
အသက် ၂၈ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဝဲလ်ဘက်ကို အဲဗာတန်အသင်းက တပတ်လုပ်ခ ပေါင်တသိန်းပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို နယူးကာဆယ်၊ ဝက်စ်ဟမ်း အသင်းတွေကလည်း ခေါ်ယူဖို့ ပစ်မှတ်ထား စောင့်ကြည့်နေကြပါတယ်။
ဝဲလ်ဘက်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်က မန်ယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူး ဝဲလ်ဘက်ဟာ အခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှုတကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
4 years Ago