အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၂ ဂိုးဖြင့် နိုင်

December 29, 2017

အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၂ ဂိုးဖြင့် နိုင် (ရုပ်သံ)

ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ လာကာဇက်တီ၊ ဆန်းချက်၊ အိုဇေးလ် စတဲ့ အဓိက တိုက်စစ်ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲချိန် ၂၅ မိနစ်မှာ အာဆင်နယ်အတွက် မူစတာဖီက အဖွင့်ဂိုး သွင်းယူပေးပြီး ပထမပိုင်း အပြီးမှာ အာဆင်နယ်က ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကွင်းမှာ ယှဉ်ပြိုင်ရပေမယ့် အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်ခဲ့ပါတယ်။ ဂိုးကန်သွင်းခွင့်မှာတော့ နှစ်ဖက် မတိမ်းမယိမ်း ရှိခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အတွက် ပွဲချိန် ၄၉ မိနစ်မှာ တောင်ဆန်က ချေပဂိုးတဂိုး သွင်းယူခဲ့ပေမယ့် ၆၂ မိနစ်နဲ့ ၆၆ မိနစ်တွေမှာ ဆန်းချက်က ၂ ဂိုးဆက်သွင်းပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့တာပါ။ ဒီ့နောက် ပွဲပြီးခါနီး ၈၉ မိနစ်မှာ ဂျိမ်းစ်တွမ်ကင်စ်က ပဲလေ့စ်အတွက် ချေပဂိုးတဂိုး သွင်းယူပေးခဲ့ပြီး နောက်ထပ် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ၃ ဂိုး ၂ ဂိုးနဲ့ အာဆင်နယ် အနိုင်ရသွားပါတယ်။ ဒီပွဲအနိုင်ရတဲ့ အာဆင်နယ်က ရမှတ် ၃၇ မှတ်နဲ့ အဆင့် ၆ မှာ ရပ်တည်နေပြီး ခရစ္စတယ်ပဲလေ့စ်က ၁၈ မှတ်နဲ့ အဆင့် ၁၆ မှာ ရှိနေပါတယ်။
4 years Ago
Up