အာဆင်နယ်ကွင်းလယ်လူ ချိန်ဘာလိန်ကို လီဗာပူး ခေါ်ယူ

August 31, 2017

အာဆင်နယ်ကွင်းလယ်လူ ချိန်ဘာလိန်ကို လီဗာပူး ခေါ်ယူ

အာဆင်နယ်ကွင်းလယ်လူ ချိန်ဘာလိန်ကို ပေါင်သန်း ၄၀ နဲ့ လီဗာပူးအသင်း ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။ အစောပိုင်းတုန်းက ချဲလ်ဆီးအသင်းက သူ့ကိုခေါ်ယူဖို့ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေးညှိနှိုင်းမှု သဘောတူပြီးမှ ကစားသမားက ငြင်းပယ်ခဲ့လို့ လီဗာပူးနဲ့ သဘောတူညီမှု ရခဲ့တာပါ။ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်လည်းဖြစ်တဲ့ ချိန်ဘာလိန်ဟာ လီဗာပူးမှာ တပတ်လုပ်ခ ပေါင် ၁ သိန်း ၂ သောင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုမှာဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ကွင်းလယ်ကစားသမားဟာ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်ဖို့ မော်လ်တာကို မထွက်ခွာမီ လီဗာပူးနဲ့ ဆေးစစ်မယ်လို့ မျှော်လင့်ရပါတယ်။ အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ရောက်နေတဲ့ ချိန်ဘာလိန်ကို တပတ်လုပ်ခ ပေါင် ၁ သိန်း ၈ သောင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ငြင်းပယ်ခဲ့လို့ အဆင်မပြေဖြစ်ခဲ့တာပါ။ သူဟာ ၂၀၁၁ ခုနှစ် သြဂုတ်လမှာ ဆောက်သမ်တန်အသင်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာတာဖြစ်ပြီး အာဆင်နယ်အတွက် ၁၉၈ ပွဲကစားခဲ့ပြီး ဂိုး ၂၀ သွင်းပေးထားပါတယ်။ လီဗာပူးဟာ ဒီရာသီ ကစားသမားသစ် ခေါ်ယူမှုအဖြစ် ရိုးမားကွင်းလယ်လူ ဆာလက်၊ ဟားလ်စီးတီးနောက်ခံလူ ရောဘတ်ဆန်၊ ချဲလ်ဆီးတိုက်စစ်မှူး ဆိုလန်ကီတို့ကို စာချုပ် ချုပ်ဆို ခေါ်ယူထားသလို လိုက်ဇစ်ကွင်းလယ်လူ ကီတာကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့လည်း အကြိုသဘောတူညီမှု ရရှိထားပါတယ်။ အပြောင်းအရွှေ့ရာသီ မပိတ်ခင် လီဗာပူးအသင်းဟာ ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်နဲ့ မိုနာကို တောင်ပံကစားသမား လီမာတို့ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
4 years Ago
Up