အာဆင်နယ်ကို ၅ ဂိုး ၁ ဂိုးဖြင့် ဘိုင်ယန်မြူးနစ် အနိုင်ယူ

March 8, 2017

အာဆင်နယ်ကို ၅ ဂိုး ၁ ဂိုးဖြင့် ဘိုင်ယန်မြူးနစ် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က အာဆင်နယ်ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားပါတယ်။ ဒီပွဲမှာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး ဝဲလ်ကော့က မိနစ် ၂၀ မှာ ထိုးဖောက် သွင်းယူပါတယ်။ ၅၄ မိနစ်မှာတော့ အာဆင်နယ်နောက်ခံလူ ကိုစီရယ်နီ ဖျက်တာကြမ်းလို့ အထုတ်ခံရပြီး ပယ်နယ်တီပါ ပေးလိုက်ရပါတယ်။ အဲဒီပယ်နယ်တီကို ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက သွင်းယူပါတယ်။ နောက်ပိုင်းမိနစ်တွေမှာ တယောက်လျော့ အာဆင်နယ်အသင်းကို ဘိုင်ယန်က ဖိအားပေးကစားသွားပြီး ဒုတိယဂိုးကို ၆၈ မိနစ်မှာ ရော်ဘင်၊ တတိယဂိုးကို ၇၈ မိနစ်မှာ ကော်စတာတို့က သွင်းယူပါတယ်။ နောက်ဆုံးအပိတ်ဂိုး ၂ ဂိုးကို ကွင်းလယ်လူ ဗီဒယ်က သွင်းယူပြီး ပွဲအပြီးမှာ ဘိုင်ယန်က ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ၂ ကျော့ပေါင်းရလဒ် ၁၀ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။ လတ်တလောမှာ အသင်းကနေပြောင်းဖို့ ဖိအားပေးခံနေရတဲ့ နည်းပြ အာစင်ဝင်းဂါး အတွက်တော့ အခုရှုံးပွဲဟာ အရှက်စရာအရှုံးဖြစ်တယ်လို့ ဗြိတိသျှမီဒီယာ တော်တော်များများက ဝေဖန်ရေးသားခဲ့ပါတယ်။ အခုပွဲစဉ်မှာ နည်းပြ ဝင်းဂါးအတွက် ၂၀၁ ပွဲမြောက် ချန်ပီယံလိဂ်ပွဲစဉ်လည်း ဖြစ်ပါတယ်။ အခုအရှုံးကြောင့် အာစင်ဝင်းဂါးရဲ့ အနာဂတ်ဟာလည်း အာဆင်နယ်မှာ ဆက်ရှိနေဖို့ မသေချာတဲ့ အနေအထားမှာ ဖြစ်လာပါတယ်။
5 years Ago
Up