အာဂျင်တီးနားတိုက်စစ်မှူး

March 23, 2022

ဂျူဗင်တပ်မှ ထွက်ခွာမည့် ဒီဘားလားကို ခေါ်ယူရန် အင်တာမီလန် စိတ်ဝင်စား

အခုနှစ် ရာသီအကုန်မှာ ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ရှိတဲ့ တိုက်စစ်မှူး ဒီဘားလားကို အင်တာမီလန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟာ ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီး ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ ကစားခွင့် ရရှိတော့မှာပါ။
အီတလီသတင်းစာ Tuttosport နဲ့ တခြားမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီဘားလားအနေနဲ့ စီးရီးအေမှာပဲ ဆက်ရှိဖို့ စဉ်းစားနိုင်ပြီး အင်တာမီလန်ဘက်ကလည်း ကမ်းလှမ်းသွားဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်ရှိ ဒီဘားလားကို အင်္ဂလန်ကလပ်တွေနဲ့ စပိန်ကလပ်တွေကလည်း ခေါ်ယူလိုနေပါတယ်။
၂၀၁၅ ခုနှစ်က ပါလာမိုအသင်းကနေ ပြောင်းရွှေ့လာတဲ့ ဒီဘားလားဟာ ဂျူဗင်တပ်အသင်းအတွက် စုစုပေါင်း ၂၈၃ ပွဲ ကစားထားရာမှာ ၁၁၃ ဂိုး သွင်းယူထားပါတယ်။
အခုနှစ်ရာသီ ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ၁၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူခဲ့တာက ဂျူဗင်တပ်ကနေ ဒီဘားလား ထွက်ခွာစေဖို့ ဖြစ်လာခဲ့တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

11 months Ago

March 17, 2022

ပရိသတ်များ၏ လှောင်ပြောင်ခြင်းခံခဲ့ရသည့် မက်ဆီ အသင်းပြောင်းရန် အစီအစဉ်မရှိ

တိုက်စစ်မှူး မက်ဆီဟာ ပီအက်စ်ဂျီအသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်ခံခဲ့ရပေမယ့် လာမယ့်ရာသီမှာ အသင်းပြောင်းဖို့ မရှိဘူးလို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုး ရလဒ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့တပတ်က လီဂူးဝမ်းပွဲစဉ်မှာ မက်ဆီနဲ့ နေမာကို ပီအက်စ်ဂျီပရိသတ်တွေက ပစ်မှတ်ထား လှောင်ပြောင်ခဲ့ကြတာပါ။
ဒီအခြေအနေကြောင့် မက်ဆီအနေနဲ့ အသင်းပြောင်းဖို့ရှိနေပြီး အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားဖို့ရှိတယ်လို့ သတင်းတွေမှာ ခန့်မှန်း သုံးသပ်နေကြပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ အောင်မြင်မှုတွေရယူဖို့ ရည်မှန်းနေဆဲဖြစ်ပြီး အသင်းပြောင်းရွှေ့မှာ မဟုတ်ကြောင်း မက်ဆီနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။
အသက် ၃၄ နှစ်ရှိ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပီအက်စ်ဂျီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုထားပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်ရောက်မှ အနာဂတ်ကို ဆွေးနွေးဆုံးဖြတ်သွားဖို့ ရှိပါတယ်။
မက်ဆီဟာ ပြင်သစ်လိဂ်မှာတော့ ၁၈ ပွဲကစားအပြီး ၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁ဝ ကြိမ် ပြုလုပ်ထားပါတယ်။

11 months Ago
Up