အာဂျင်တီးနားအသင်းဟာ ဘရာဇီးမှာ ကျင်းပမယ့် ကိုပါအမေရိကဖလား ပြိုင်ပွဲအတွက် လက်ရွေးစင်ကစားသမား ၂၃ ဦးစာရင်းကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလူစာရင်းမှာ အင်တာမီလန်တိုက်စစ်မှူး အိုင်ကာဒီ ချန်လှပ်ခံခဲ့ရပြီး ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီ ပြန်လည်ပါဝင်လာပါတယ်။
မက်ဆီဟာ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချီလီအသင်းကို ရှုံးနိမ့်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး လက်ရွေးစင်အသင်းမှာ မကစားတော့ဘူးလို့ ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြန်လည်ပါဝင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်း လူစာရင်းမှာ ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ အဂွေရို၊ ဟွမ်ဖိုရိုက်၊ အော်တာမန်ဒီနဲ့ ပါရေယာတို့ ပါဝင်ခဲ့ပြီး ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘားလားလည်း ပါဝင်ခဲ့ပါတယ်။
ကိုပါအမေရိကဖလားမှာ အသင်းအရေအတွက် ၁၂ သင်းပါဝင်ပြီး အုပ်စု ၃ ခု ခွဲခြားပြီး ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
အုပ်စု A မှာ အိမ်ရှင် ဘရာဇီး၊ ဘိုလီးဗီးယား၊ ဗင်နီဇွဲလားနဲ့ ပီရူး၊ အုပ်စု B မှာ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ပါရာဂွေး၊ ကာတာ၊ အုပ်စု C မှာ ဥရုဂွေး၊ အီကွေဒေါ၊ ဂျပန်နဲ့ ချီလီအသင်းတို့ တွေ့ဆုံနေပါတယ်။
ပြိုင်ပွဲကိုတော့ လာမယ့် ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၇ ရက်အထိ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အုပ်စုပထမနဲ့ ဒုတိယ နှစ်သင်းစီနဲ့ အကောင်းဆုံး အုပ်စုတတိယနှစ်သင်း စုစုပေါင်း ၈ သင်းက ကွာတားဖိုင်နယ်ပွဲစဉ်တွေ ဆက်ကစားရမှာ ဖြစ်ပါတယ်။
2 years Ago