အာကာသအေဂျင်စီ

June 15, 2015

ဖီလာ ကြယ်တံခွန်လေ့လာ စူးစမ်းရေးယာဉ် ကမ္ဘာနှင့် အဆက်အသွယ်ပြန်ရ

ကမ္ဘာမြေနဲ့ ၇ လကြာ အဆက်အသွယ်ပြတ်နေတဲ့ “ဖီလာ” ကြယ်တံခွန်လေ့လာ စူးစမ်းရေးယာဉ်ဟာ ကမ္ဘာနဲ့ ပြန်ပြီး အဆက်အသွယ်ရလာပြီလို့ ဥရောပအာကာသ အေဂျင်စီက ဇွန် ၁၄ ရက်နေ့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက 67P ကြယ်တံခွန်ပေါ် ဆင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပုံမှန် ဆင်းသက်မှု မဖြစ်ခဲ့တဲ့အတွက် နေရောင်ခြည် အလုံအလောက်မရဘဲ ၂ နာရီအကြာမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး အဆက်အသွယ်လည်း ပြတ်သွားခဲ့တာပါ။ ကြယ်တံခွန်ဟာ နေနဲ့နီးရာဘက်ကို ကပ်သွားရင်း စူးစမ်းယာဉ်လည်း နေရောင်ခြည် ပြန်လည်ရရှိလာတယ်လို့ ပညာရှင်တွေက ယုံကြည်နေကြပါတယ်။ “ဖီလာ စူးစမ်းရေးယာဉ်နဲ့ အချိန်အတော်ကြာ အဆက်အသွယ်ပြတ်နေခဲ့တာ ဒီညတော့ အဆက်အသွယ် ပြန်ရပါတယ်။ ရရှိတဲ့ အချက်အလက်ကတော့ ၈၅ စက္ကန့်စာပဲ ဖြစ်ပေမယ့်လည်း ကျနော်တို့ရရှိတဲ့ အချက်အလက်တွေအရ သူ့ရဲ့စနစ်တွေအားလုံး ပုံမှန် ပြန်အလုပ်လုပ်မယ့်လက္ခဏာ ရှိပါတယ်။” လို့ စီမံကိန်းမန်နေဂျာ စတက်ဖန် (Stephan) က ပြောပါတယ်။ တကယ်တော့ ဒီ ဖီလာရဲ့ ဆိုလာစနစ်ဟာ နေရောင်ခြည်မရတဲ့တိုင် ၇ ရက် ဘက်ထရီ သက်တမ်းခံပါတယ်။ ဒါပေမယ့် မျှော်လင့်တဲ့အတိုင်း နေရောင်ခြည်က ၆ နာရီ၊ ၇ နာရီတောင် မရခဲ့ဘဲ နာရီ ၃၀ ကြာ အလုပ်လုပ်ပြီး ရပ်သွားခဲ့တာလို့ စတက်ဖန်က ဆက်ပြောပါတယ်။ “လာမယ့်ရက်တွေမှာ အချက်အလက်တွေ ပိုပြီးရရှိလာမယ်။ ကျနော်တို့ဘက်ကလည်း သူ့ကို ဒီကနေ အလုပ်တွေ လှမ်းခိုင်းတာတွေ လုပ်ကြတော့မှာပါ။” ဒီစူးစမ်းယာဉ်ဟာ ဥရောပအာကာသအေဂျင်စီရဲ့ ၁၀ နှစ်တာ စီမံကိန်းနဲ့ လွှတ်လိုက်တာဖြစ်ပြီး ကမ္ဘာဂြိုဟ်အပါအ၀င် ဂြိုဟ်တွေ ဘယ်လိုဖြစ်တည်လာတယ်၊ သက်ရှိတွေ ဘယ်ကစဖြစ်လာတယ်ဆိုတာကို လေ့လာဖို့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဒသမ ၆ ဘီလီယံ နေအဖွဲ့အစည်း စတင်ဖြစ်ပေါ်ချိန်ကတည်းက ဒီကြယ်တံခွန်တွေက ရှိနေခဲ့တာဖြစ်ပြီး ကြယ်တံခွန် ကျောက်စိုင်ကျောက်ခဲနဲ့ ရေခဲတွေဟာ သက်ရှိတွေရဲ့ မူရင်းအခြေအနေကို အကောင်းဆုံး ထိန်းသိမ်းထားကြတယ်လို့ ပညာရှင်တွေက ပြောဆိုပါတယ်။
6 years Ago
Up