အာကာသစခန်းအတွက် ထောက်ပံ့ရေးပစ္စည်း သယ်ဆောင်သည့်ဂြိုဟ်တု အောင်အောင်မြင်မြင် လွှတ်တင်

February 20, 2017

အာကာသစခန်းအတွက် ထောက်ပံ့ရေးပစ္စည်း သယ်ဆောင်သည့်ဂြိုဟ်တု အောင်အောင်မြင်မြင် လွှတ်တင် (ရုပ်သံ)

နိုင်ငံတကာ အာကာသစခန်းအတွက် လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်သွားတဲ့ ဂြိုဟ်တုကို အမေရိကန်ဂြိုဟ်တုလွှတ်တင်ရေးကုမ္ပဏီ SpaceX က ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဒုံးပျံကို လွှတ်တင်ခါနီး ၁၃ စက္ကန့်အလိုမှာ စက်ပိုင်းပြဿနာ  တွေ့ရှိခဲ့လို့ လွှတ်တင်ရေး အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့တာပါ။ ဒီဂြိုဟ်တုကို သမိုင်းဝင် ဂြိုဟ်တုလွှတ်တင်ရေးစခန်းတခုဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်၊ ကနေဒီ အာကာသစခန်းက လွှတ်တင်ခဲ့တာဖြစ်ပြီး ဒုံးပျံကတော့ လွှတ်တင်ပြီး ၉ မိနစ်အကြာမှာ မြေပြင်ပေါ်ကို အောင်အောင်မြင်မြင် ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။ မြေပြင်ပေါ် ဒုံးပျံ ပြန်လည်ရောက်ရှိလာချိန်မှာပဲ ထောက်ပံ့ရေးဂြိုဟ်တုဟာလည်း ကမ္ဘာပတ်လမ်းကြောင်းထဲ ရောက်ရှိသွားပြီး နိုင်ငံတကာအာကာသစခန်းနဲ့ လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ချိတ်ဆက်မိမယ်လို့ ဆိုပါတယ်။ ဂြိုဟ်တုတွေကို ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်ပေးပြီးတာနဲ့ ဒုံးပျံတွေက ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ရေး အစီအစဉ်ဟာ SpaceX ဂြိုဟ်တုလွှတ်တင်ရေး ကုမ္ပဏီရဲ့ နည်းပညာတခု ဖြစ်ပြီး သယ်ဆောင်ရေးဒုံးပျံတွေကို လာမယ့် ဂြိုဟ်တုလွှတ်တင်ရေး အစီအစဉ်တွေမှာ အကြိမ်ကြိမ် ပြန်လည်အသုံးပြုပြီး ဒုံးပျံတွေအတွက် ကုန်ကျစရိတ်ကို လျှော့ချဖို့ ရည်ရွယ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက SpaceX ကုမ္ပဏီရဲ့ ဒုံးပျံတစင်း လွှတ်တင်ခါနီး ပေါက်ကွဲမီးလောင်ခဲ့လို့ ဂြိုဟ်တုလွှတ်တင်ရေး အစီအစဉ်တွေကို ရပ်နားခဲ့ပြီး အခုနှစ် ဇန်နဝါရီလကမှ ကုမ္ပဏီက ဂြိုဟ်တုတွေကို ပြန်ပြီးလွှတ်တင်ခဲ့တာပါ။ အခုလွှတ်တင်လိုက်တဲ့ ထောက်ပံ့ရေးပစ္စည်းသယ် ဂြိုဟ်တုဟာ ကုန်ချိန် ကီလို ၂၅၀၀ သယ်ဆောင်သွားပါတယ်။
4 years Ago
Up