အာကာသ

July 15, 2019

နည်းပညာပြဿနာကြောင့် ဒုတိယမြောက် အိန္ဒိယ လကမ္ဘာ စူးစမ်းလေ့လာရေးမစ်ရှင် ရပ်ဆိုင်း

အိန္ဒိယနိုင်ငံကနေ ဒုတိယမြောက် လွှတ်တင်မယ့် လကမ္ဘာ စူးစမ်းလေ့လာရေးမစ်ရှင်ဟာ နည်းပညာဆိုင်ရာ ပြဿနာတခုကြောင့် လွှတ်တင်မယ့်အချိန်ထက် တနာရီနောက်ကျ ရပ်ဆိုင်းခဲ့ရပါတယ်။ အိန္ဒိယ အာကာသသိပ္ပံ အေဂျင်စီက လွှတ်တင်မယ့်ယာဉ်မှာ နည်းပညာဆိုင်ရာ ပြဿနာတခု တွေ့ခဲ့ရပြီးနောက် လွှတ်တင်မယ့်အချိန် မတိုင်ခင် ၅၆ မိနစ်အလိုမှာ ခုလို ရပ်ဆိုင်းခဲ့ရကြောင်း ပြောပါတယ်။ ဒီအစီအစဉ်ကိုတော့ ဇူလိုင် ၁၅ ရက်နေ့ ဒေသစံတော်ချိန် ၂း၅၁ နာရီမှာ အိန္ဒိယ အရှေ့ဘက်ကမ်းရိုးတန်း ဆီရိဟာဆီကိုတာ အာကာသစခန်းကနေ ပစ်လွှတ်ဖို့ စီစဉ်ထားခဲ့တာပါ။ အခုပစ်လွှတ်မယ့် Chandrayaan-2 လကမ္ဘာစူးစမ်းလေ့လာရေး အာကာသယာဉ်ဟာ အိန္ဒိယရဲ့ ဒုတိယမြောက် လခရီးစဉ် စီမံကိန်းဖြစ်ပြီး ပထမခရီးစဉ်ကိုတော့ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ  Chandrayaan-1 အမည်နဲ့ လွှတ်တင်ခဲ့ကာ လကိုပတ်ရုံသာ ပတ်နိုင်ခဲ့ပါတယ်။ ခုလွှတ်တင်မယ့် ဒုတိယမြောက် စီမံကိန်းမှာတော့ လဆင်းသက်ယာဉ်၊ လပတ်ယာဉ်နဲ့ လပေါ်သွားယာဉ်တွေ ပါဝင်မှာဖြစ်ပြီး လရဲ့ မျက်နှာပြင်အနေအထား၊ ဓာတ်သတ္တု၊ ရေနဲ့ ကျောက်သား ဖွဲ့စည်းပုံတွေကို အဓိကထားပြီး လေ့လာသွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန် Chandrayaan-2 လကမ္ဘာ စူးစမ်းလေ့လာရေး မစ်ရှင်ဟာ လကမ္ဘာရဲ့ တောင်ဘက်စွန်းကို ဆင်းသက်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒါသာ အောင်မြင်ခဲ့မယ်ဆိုရင်တော့ အိန္ဒိယဟာ လမျက်နှာပြင်ပေါ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်တဲ့ လေးနိုင်ငံမြောက် စာရင်းဝင်သွားမှာဖြစ်ပြီး အရင်ကတော့ အမေရိကန်၊ တရုတ်နဲ့ ဆိုဗီယက်ယူနီယံနိုင်ငံတွေက ရောက်ရှိခဲ့ဖူးပါတယ်။ Chandrayaan-2 လကမ္ဘာ စူးစမ်းလေ့လာရေးမစ်ရှင်ရဲ့ နောက်ထပ်ပစ်လွှတ်မယ့် ရက်ကိုတော့ လတ်တလော အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
2 years Ago

March 28, 2019

အိန္ဒိယက ဂြိုဟ်တုဖျက်ဒုံးကျည်သုံးပြီး အာကာသထဲမှ ဂြိုဟ်တုကို ပစ်ချ

အိန္ဒိယအစိုးရဟာ ဂြိုဟ်တုဖျက်ဒုံးကျည် သုံးပြီး အာကာသထဲက ဂြိုဟ်တုကို မတ်လ ၂၇ ရက်က ပစ်ချခဲ့တယ်လို့ ဝန်ကြီးချုပ် နရင်ဒြာ မိုဒီက ပြောပါတယ်။ အိန္ဒိယရဲ့ အာကာသ အစီအစဉ်အတွင်း အကြီးစား ထိုးဖောက်ကျော်လွှားနိုင်မှု တရပ်အဖြစ်လည်း ကောင်းချီးပေးလိုက်ပါတယ်။ "အာကာသထဲ ကမ္ဘာပတ်လမ်းကြောင်းနိမ့်ထဲမှာရှိတဲ့ ကီလိုမီတာ ၃၀၀ ကျော်ဝေးတဲ့ ဂြိုဟ်တုတလုံးကို ကျနော်တို့ရဲ့ သိပ္ပံပညာရှင်တွေက ပစ်ချခဲ့တယ်။ ဒါဟာ သမိုင်းဝင် စွမ်းဆောင်မှုပဲ" လို့ မိုဒီက ပြောပါတယ်။ အရင်က ကမ္ဘာပေါ်မှာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့သာ ဒီလိုစွမ်းဆောင်နိုင်မှု ရှိခဲ့တယ်၊ ခုတော့ အိန္ဒိယဟာ ဒီလိုစွမ်းဆောင်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပြီလို့ မိုဒီက ပြောပါတယ်။ ဒါပေမယ့် အိန္ဒိယရဲ့ စွမ်းဆောင်ရည်အသစ်ဟာ ဘယ်သူ့ကိုမှ အန္တရာယ်ပြုဖို့ မဟုတ်ဘူး၊ ကာကွယ်ရေးအတွက်ပဲလို့ ကမ္ဘာ့လူ့အဖွဲ့အစည်းကို မိုဒီက အာမခံ ပြောဆိုပါတယ်။ အိန္ဒိယဟာ အာကာသလက်နက်ပြိုင်ပွဲကို အစဉ်အမြဲ ဆန့်ကျင်ခဲ့ပြီးပြီလို့လည်း သူက ပြောပါတယ်။ အိန္ဒိယရဲ့ပြိုင်ဘက် ပါကစ္စတန်ရဲ့မှတ်ချက် ချက်ချင်းမရသေးသလို တရုတ်နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေဆီက တုံ့ပြန်မှုလည်း မရှိသေးပါဘူး။
2 years Ago

အာကာသထဲသို့ အမျိုးသမီးများ လမ်းလျှောက်ထွက်မည့် အစီအစဉ် ဖျက်သိမ်း

ကမ္ဘာ့ပထမဆုံးအနေနဲ့ အာကာသထဲကို အမျိုးသမီးတွေချည်း လမ်းလျှောက်ထွက်မယ့် အစီအစဉ်ကို အာကာသဝတ်စုံ အလုံအလောက် မရှိတာကြောင့် ဖျက်သိမ်းလိုက်တယ်လို့ အမေရိကန် အာကာသအဖွဲ့ နာဆာက မတ်လ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အမျိုးသမီး အာကာသယာဉ်မှူးတွေ ဖြစ်ကြတဲ့ အန်း မတ်ကလိန်းနဲ့ ခရစ္စတီးနား ခို့ခ်တို့ဟာ မတ်လ ၂၉ ရက်နေ့မှာ အာကာသထဲ လမ်းလျှောက်ထွက်ပြီး သမိုင်းစာမျက်နှာသစ် ရေးထိုးဖို့ စီစဉ်ထားကြတာပါ။ မတ်ကလိန်းဟာ ကြိုတင်လေ့ကျင့်စဉ်က M ဆိုက်နဲ့ L ဆိုက် အာကာသဝတ်စုံတွေကို ဝတ်ဆင် လေ့ကျင်ခဲ့ပေမယ့် ၂၉ ရက်နေ့ လမ်းလျှောက်ထွက်ရင် M ဆိုက်ဝတ်ဖို့ ပိုသင့်တော်လို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ နာဆာပြောခွင့်ရ စတက်ဖန်နီ ရှီးယ်ဟိုလ်ဇ်က တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်နဲ့ အရွယ်အစားတော်တဲ့ အာကာသဝတ်စုံဟာ တစုံပဲရှိတာကြောင့် အန်းမတ်ကလိန်းရဲ့ နေရာမှာ သူ့ရဲ့လုပ်ဖော်ကိုင်ဘက် အမျိုးသား အာကာသယာဉ်မှူးတဦးကို အစားထိုးလိုက်ရတယ်လို့ နာဆာက ပြောပါတယ်။ အာကာသထဲကို လူသားတွေ ပထမဆုံး ခြေချခဲ့တာ နှစ်ပေါင်း ၆၀ နီးပါး ရှိလာချိန်မှာ အာကာသကို ခရီးထွက်ခဲ့ကြတဲ့ လူပေါင်း ၅၀၀ ကျော်ထဲမှာ အမျိုးသမီး အရေအတွက် ၁၁ ရာခိုင်နှုန်းအောက် နည်းပါတယ်။ အဲဒါကြောင့် အမျိုးသမီးတွေချည်း အာကာသထဲကို ပထမဆုံး လမ်းလျှောက်ထွက်မယ့် သမိုင်းဝင်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရလို့ ဝမ်းနည်းရပေမယ့် အမျိုးသမီး အာကာသယာဉ်မှူးတွေ ဘေးကင်းလုံခြုံရေးက အဓိကကျတယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။
2 years Ago
More News
Up