အသွားအလာမပိတ်ပင်

A d v e r t i s e m e n t With Us

December 26, 2020

ကိုရီးယားနိုင်ငံတွင် ကိုဗစ်ထိန်းချုပ်ရန် အသွားအလာမပိတ်ပင်ဘဲ နည်းလမ်း ၃ ခုဖြင့် လုပ်နေ

ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကို ရင်ဆိုင်ရာမှာ အသွားအလာ ပိတ်ပင်တားမြစ်တာ မလုပ်ဘဲ သတ်မှတ်စည်းကမ်းတွေနဲ့ သွားလာလုပ်ကိုင်ခွင့်ပြုတာ၊ ပွင့်လင်းမှုရှိရှိ ဆောင်ရွက်တာ စတဲ့ နည်းလမ်း ၃ ခုနဲ့ လုပ်နေတယ်လို့ ကိုရီးယားသမ္မတ အကြံပေးက ပြောပါတယ်။ မနေ့က မြန်မာနိုင်ငံကို ပါးစပ်နဲ့နှာခေါင်းစည်းတွေ၊ လူနာတင်ယာဉ်တွေ လှူဒါန်းတဲ့အခမ်းအနားမှာ ကိုရီးယားသမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးနဲ့ တောင်ဘက်ပိုင်းဆိုင်ရာမူဝါဒဆိုင်ရာ သမ္မတရဲ့ ကော်မတီ ဥက္ကဋ္ဌ H.E Mr. Park Bokyeong က ပြောခဲ့တာပါ။ ကိုးရီးယားသမ္မတနိုင်ငံအနေနဲ့ ကိုဗစ် ကပ်ရောဂါကို ရင်ဆိုင်တိုက်ရာမှာ ပြည်သူတွေနဲ့အတူ ကျော်လွှားတာ၊ အသွားအလာကန့်သတ်ပိတ်ပင်တားမြစ်တာ (lockdown) မပြုလုပ်ဘဲ သတ်မှတ် စည်းကမ်းတွေနဲ့အတူ သွားလာလုပ်ကိုင်ခွင့်ပြုတာ၊ ပွင့်လင်းမှုရှိရှိဆောင်ရွက်ခြင်း၊ အစိုးရက လုပ်နေတာကို ယုံကြည်မှုရှိအောင် ရောဂါဖြစ်ပွားမှုအခြေအနေကို ပွင့်လင်းမြင်သာစွာချပြတာ ဆိုတဲ့ အချက် ၃ ခုနဲ့ လုပ်နေတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဦးဆောင်လမ်းညွှန်မှုအောက်မှာ ကိုဗစ်ကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။ ကိုရီးယားနိုင်ငံအနေနဲ့ အခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်းနဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်တာကို မြှင့်တင်ဖို့ လုပ်ငန်းကဏ္ဍ ၇ ရပ်ပါတဲ့ New Southern Policy Plus ကို ထုတ်ပြန်ခဲ့ပြီး အဲဒီမူဝါဒသစ်မှာ ကျန်းမာရေးကဏ္ဍမှာ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဖို့ ပါတာကြောင့် ကိုရီးယား အစိုးရအနေနဲ့ ကာကွယ်၊ ကုသရေးလုပ်ငန်းအထောက်အကူပြုပစ္စည်းတွေကို အခုလို ထောက်ပံ့တာလို့လည်း ပြောပါတယ်။ ဒီကပ်ရောဂါကာလအတွင်း ကိုရီးယား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုပြီး ခိုင်မာအားကောင်းလာခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီလှူဒါန်းပွဲကို ဗွီဒီယိုကွန်ဖရင့်စနစ်နဲ့ တက်ရောက်ခဲ့တဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း နိုင်ငံတော်အစိုးရရဲ့ ထောက်ပံ့မှု၊ ပြည်တွင်း/ပြည်ပ အလှူရှင်တွေ အခုလို့ လှူဒါန်းတာတွေကြောင့် ကိုဗစ်လူနာတွေကို ဓာတ်ခွဲစစ်ဆေးတာ၊ ဆေးရုံတွေမှာ ကုသပေးတာနဲ့ အသွားအလာကန့်သတ်နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်ပေးတာတို့ကို အခမဲ့လုပ်ပေးနိုင်တာ ဖြစ်တယ်လို့ ပြောပါတယ်။ [caption id="attachment_431017" align="alignleft" width="430"] Photo : MOHS[/caption] ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Hai Kyung Jun က မြန်မာနဲ့ ကိုရီးယားတို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ သက်ဆိုင်တဲ့ ကဏ္ဍကနေ ဆက်ပြီး ပါဝင်သွားမယ်လို့ ပြောပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ကိုရီးယားသမ္မတနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေဟာ မြန်မာနိုင်ငံနဲ့ တူတာ အများကြီးရှိတယ်လို့ ပြောဆိုပါတယ်။ မနေ့က လှူဒါန်းတာတွေကတော့ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇၉,၃၆၁ တန်ဖိုး ရှိတဲ့ KF94 ပါးစပ်နဲ့ နှာခေါင်းစည်း အခုရေ ၄၁၆,၉၅၈ ခုနဲ့ အရေးပေါ်လူနာတင်ယာဉ် ၅ စီး ဖြစ်ပါတယ်။ အရင်ကလည်း ကိုရီးယားအစိုးရ၊ KOICA၊ KOFIH၊ ASEAN-Korea Fund၊ ကိုရီးယားနိုင်ငံက အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ကိုရီးယားနိုင်ငံသားတွေက မြန်မာနိုင်ငံရဲ့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေအတွက် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်းကျော် လှူဒါန်းထားပြီ ဖြစ်ပါတယ်။
2 months Ago
Up