အသွားအလာကန့်သတ်ပိတ်ပင်

May 13, 2020

အသွားအလာကန့်သတ်ပိတ်ပင်မှုကို မကျေနပ်သဖြင့် ဘိုလီးဗီးယား ပြည်သူများ ဆန္ဒပြ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို တိုက်ဖျက်ရေး ရောဂါခြေချုပ်နဲ့ အသွားအလာ ကန့်သတ်ချက်ကို သက်တမ်းတိုးတဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ ဘိုလီးဗီးယားနိုင်ငံအလယ်ပိုင်း ကိုချာဘမ်ဘာမြို့မှာ မေ ၁၁ ရက်ညက ပြည်သူတွေ ဆန္ဒပြရာမှာ  ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ မေ ၁၁ ရက်မနက်က စတဲ့ ချီတက်ဆန္ဒပြပွဲတွေကြောင့် အဓိက လမ်းကြောင်းတွေလည်း ပိတ်ဆို့ကုန်ပါတယ်။  ရဲတွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရော်ဘာကျည်ဆန်တွေ မျက်ရည်ယိုဓာတ်ငွေ့တွေကို သုံးခဲ့ပြီး ဆန္ဒပြသူတွေကလည်း ကျောက်ခဲတွေ တခြားပစ္စည်းတွေနဲ့ ပစ်ပေါက် တုံ့ပြန့်ခဲ့ကြပါတယ်။  ဘိုလီးဗီးယားနိုင်ငံဟာ မတ် ၂၂ ရက်ကနေ မေလ ၁၀ ရက်ထိ တနိုင်ငံလုံး ရောဂါခြေချုပ်အောက်မှာ နေကြဖို့ တင်းတင်းကျပ်ကျပ် စည်းမျဉ်းထုတ်ခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆင့်အလိုက် မတူတဲ့ ဒေသတွေအတွင်း အသွားအလာ ကန့်သတ်မှုကို မေ ၁၂ ရက်ကစပြီး အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပါတယ်။ ဘိုလီးဗီးယားနိုင်ငံမှာ မေ ၁၁ ရက်ထိ အတည်ပြုထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာဦးရေ ၂၈၃၁ ယောက်ရှိပြီး ကူးစက်ခံ ၁၂၂ ယောက် သေဆုံးခဲ့ပြီးပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ဖော်ပြထားပါတယ်။
1 year Ago

April 1, 2020

မရမ်းကုန်းမြို့နယ်က အိမ်ရာတခုတွင် အသွားအလာကန့်သတ်ပိတ်ပင်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က အိမ်ရာတခုမှာ အပြင်လူနဲ့ ကားတွေ ဝင်ခွင့်မပြုတော့ဘဲ Mini Lockdown အသွားအလာကန့်သတ်ပိတ်ပင် လိုက်တယ်လို့ အိမ်ရာကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်၊ မြို့ပြအိမ်ရာ(တောင်) အိမ်ရာဝင်းထဲကို ဒီနေ့ကစလို့ တလလုံးအပြင်လူ ဝင်ခွင့်မပြုတော့ဖြစ်ပါတယ်။ အိမ်ရာကော်မတီ ဥက္ကဋ္ဌ ဦးမင်းလွင်က “ကိုယ့်အိမ်ရာကိုပဲ လုပ်တာဆိုတော့ Mini lockdown လို့ သုံးလိုက်တာ။ တချို့က quarantine (ကန့်သတ်ထိန်းချုပ်) တာနဲ့ မှားနေမှာစိုးလို့။ အိမ်ရာထဲက လူတွေ အပြင်ထွက်နိုင်ပေမယ့် အပြင်က သူစိမ်း၊ ဧည့်သည်၊ ဆွေမျိုးနဲ့ အိမ်ရာထဲမှာ နေပေမယ့် အဝေးက ပြန်လာတဲ့သူတွေကို ဝင်ခွင့်မပေးပါဘူး။ အပြင်က ကားတွေကိုလည်း ဝင်ခွင့်မပေးပါဘူး။ Delivery နဲ့ အစားအသောက်မှာတယ်ဆိုရင်လည်း ဂိတ်တံခါးမှာ သွားယူရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒါဟာ ရောဂါပိုးတွေ့တာ ရှိတာကြောင့် မဟုတ်ဘဲ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာဖြစ်ပြီး ပတ်ဝန်းကျင်က အိမ်ရာတချို့လည်း လုပ်ဖို့ရှိနေတယ်လို့သိရပါတယ်။ ဒီအိမ်ရာထဲမှာ တိုက်ခန်း ၉၁ ခန်း၊ လူဦးရေ ၅၀၀ ဝန်းကျင်ရှိပြီး အခုလို သတ်မှတ်လိုက်တာကို အိမ်ရာဝင်းထဲနေသူအားလုံးဆီ စာပို့ပေးထားတယ်လို့လည်း ဦးမင်းလွင်က ပြောပါတယ်။ “တတ်နိုင်သလောက် Lockdown လုပ်ကြဖို့ ရပ်ကွက်အစည်းအဝေးက တဆင့်ညွှန်ကြား လာတာပါ။ အဓိက ကတော့ ညွှန်ကြားချက်ကြောင့် ဆိုတာထက် တာဝန်ယူတာက ပိုပါတယ်။ အိမ်ရာမှာနေသူတွေကိုလည်း ပိုပြီး လိုက်နာစေဖို့အတွက် ညွှန်ကြားချက်ဆိုပြီး စာထုတ်လိုက်တာပါ” လို့ ပြောပါတယ်။ ထုတ်ပြန်လိုက်တဲ့စာမှာ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာနဲ့ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာမျိုးတွေ့ရင် အကြောင်းကြားနိုင်ဖို့ အိမ်ရာ တာဝန်ခံတွေ ဖုန်းနံပါတ်ကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။
2 years Ago
Up