ထိုင်းနိုင်ငံအတွင်း အသွားအလာ ကန့်သတ် ပိတ်ဆို့မှုတွေနဲ့ ခရီးသွား ကန့်သတ်ချက်တွေကို အချိန်မတန်သေးဘဲ ဖြေလျှော့ပေးရင် ဖြစ်လာမယ့်အန္တရာယ်တွေကို ထိုင်းနိုင်ငံက ရောဂါဗေဒ ပညာရှင် ဆရာဝန် ၁၄ ယောက်က ထိုင်းအစိုးရဆီ စာပေးပို့ သတိပေးလိုက်ပါတယ်။
နိုင်ငံတွင်းမှာတော့ ကျောင်းတွေ ဈေးတွေ စားသောက်ဆိုင်တွေနဲ့ ရှော့ပင်းစင်တာတွေကို ပြန်ဖွင့်ပေးဖို့ ပြည်သူတွေကရော စီးပွားရေးသမားတွေကပါ ဖိအားပေး တောင်းဆိုနေတာပါ။
ကန့်သတ်ချက် ဖြေလျှော့တာကို တနိုင်ငံလုံး တရက်တည်း တပြိုင်တည်း မလုပ်ဘဲ ရပ်ရွာအလိုက် တဆင့်ချင်းလုပ်ဖို့ ဆရာဝန်တွေက အကြံပြုပါတယ်။
ကူးစက်မှုအသစ်တွေ ၂ ပတ်ဆက်တိုက် မရှိတဲ့ ခရိုင်တွေမှာ ကနဦး စမ်းသပ် စီမံကိန်း အနေနဲ့ ဖြေလျှော့သင့်တယ်လို့လည်း သူတို့က ပြောပါတယ်
အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းကို မဖြေလျှော့ခင် စမ်းသပ် စစ်ဆေးတာ တိုးချဲ့ဖို့နဲ့ ကူးစက်ခံတွေကို ရောဂါခြေချုပ်နဲ့ သီးခြားထားဖို့၊ လူချင်း ခွာခွာနေရေးနဲ့ တကိုယ်ရေ သန့်ရှင်းရေး အလေ့အကျင့်တွေကို တင်းတင်းကျပ်ကျပ် စည်းကမ်း ချမှတ်ဖို့ ၊ ကူးစက်နိုင်ခြေနည်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ပေးဖို့ အကြံပြုပါတယ်။
ဒါ့အပြင် အရက်ဘီယာဆိုင်တွေ၊ ဘားတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ အားကစားရုံတွေလို ကူးစက်နိုင်ခြေမြင့်တဲ့ လုပ်ငန်းတွေကို ၃ လထိ ရေရှည်ပိတ်ထားဖို့၊ ထိရောက်တဲ့ စောင့်ကြည့်ရေးနဲ့ ဟောကိန််ထုတ်ရေးစနစ်တွေ အလုပ်လုပ်ဖို့ ဆိုတဲ့ ငါးချက်ကို ဆရာဝန်တွေက အစိုးရကို အကြံပြုခဲ့တာပါ။
ဧပြီ ၃၀ မှာ သက်တမ်းကုန်မယ့် အရေးပေါ်အခြေအနေ သတ်မှတ်ချက် သက်တမ်းမကုန်ခင် ကန့်သတ်ချက်တွေကို ဘယ်အချိန်မှာ ဘယ်လို ဖြေလျှော့မလဲဆိုတာ သူတို့ ဆုံးဖြတ်နေတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း အသွားအလာထိန်းချုပ် ကန့်သတ်တာဟာ ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရာမှာ စိတ်ကျေနပ်စရာအဆင့်ကို ပြနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း ခရိုင် ၇၇ ခုရဲ့ နေရာ ၃၂ ခုမှာ သီတင်းပတ် နှစ်ပတ်အတွင်း ကူးစက်မှု အသစ် လုံးဝမရှိတော့ဘူးလို့ ဆိုထားပါတယ်။
ထိုင်းနိုင်ငံအတွင်း နေထိုင်သူ လူဦးရေ အချိုးအရ ကူးစက်နှုန်းအမြင့်ဆုံး ဖူးခက်မှာ အသစ်ကူးစက်ခံရော သေဆုံးသူပါ မရှိတာ ၃ ရက်ရှိပါပြီ။
အသွားအလာ ကန့်သတ်ချက်က ကူးစက်မှု ဟန့်တားရာမှာ အောင်မြင်ပေမယ့် စီးပွားရေးနဲ့ လူမှုရေး ဆုံးရှုံးမှု ပြင်းထန်လို့ မလိုအပ်ဘဲ ကန့်သတ်ချက်တွေ ဆက်ထားနေမယ်ဆိုရင် ဝင်ငွေနိမ့် ပြည်သူတွေဟာ အပြင်းထန်ဆုံး ထိခိုက်ခံစားရမှာ ဖြစ်ပါတယ်။
10 months Ago