အသံဗုံးခွဲ

May 1, 2021

မန္တလေးနေရာအနှံ့အပြားတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ၊ အကြမ်းဖက်အဖွဲ့က အသံဗုံးခွဲ

မန္တလေးမြို့မှာ မေလ ၁ ရက် ဒီနေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ပုံမှန်ချီတက်နေတဲ့ စစ်ကြောင်းတွေ ဆန္ဒပြနေကြသလို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေကလည်း အသံဗုံးခွဲတာ ဆိုင်ကယ်တွေနဲ့တိုက်တာတွေလည်းရှိပါတယ်။

မနက်ပိုင်းမှာ ဗကသများ အဖွဲ့ချုပ် ဦးဆောင်တဲ့ စစ်ကြောင်း (၁၅) ကြောင်း ပါဝင်တဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြ ပါတယ်။

ဒါ့အပြင် မန္တလေးအခြေစိုက် တကသများ စစ်ကြောင်းကလည်း ဖက်ဆစ်ပညာရေးစနစ် အလိုမရှိကြောင်းနဲ့ အုပ်ချုပ်လို့ မရစေရလှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး မန္တလေး သံဃသမဂ္ဂစစ်ကြောင်း ကလည်း သံဃာမဲ့ သပိတ်လုပ်ခဲ့ကြပါတယ်။

မဟာအောင်မြေမြို့နယ် ၈၆ လမ်း၊ ၃၉ လမ်းဘက် ကျောက်ဝိုင်းမှာ စစ်ကောင်စီ ရဲ့ အကြမ်းဖက်အဖွဲ့က ဆိုင်ကယ်တွေကို ကားနဲ့တိုက်သွားတာ၊ အသံဗုံးခွဲတာတွေ လုပ်ခဲ့ကြ ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာလည်း မဟာအောင်မြေ မြို့နယ် ၆၉ လမ်း ရေနီမြောင်းအနီး၊ ချမ်းမြသာစည်မြို့နယ် ၆၈ လမ်း၊ ငုရွှေဝါလမ်းထောင့်၊ အောင်မြေသာစံမြို့နယ် ၂၂ လမ်း၊ ၈၉ လမ်း လမ်း ၉၀၊ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ ၊ ၅၈ လမ်း နဲ့လမ်း ၆၀ စတဲ့နေရာတွေမှာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ၊ ဖုန်းတွေကို စစ်ဆေးနေကြပါတယ်။

နောက်ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ ဆိုင်ကယ်တွေ ကားတွေနဲ့ လှည့်လည်နေပါတယ်။

7 months Ago
Up