အသေးစားချေးငွေ

A d v e r t i s e m e n t With Us

November 24, 2020

ရန်ကုန်၊ ပဲခူးနှင့် ရခိုင်တွင် အသေးစားချေးငွေ ပြန်ဆပ်ကာလကို ဧပြီလကုန်အထိ ရွှေ့ဆိုင်း

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အများဆုံးဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ အသေးစား ချေးငွေပြန်ပေးဆပ်ရမယ့် အချိန်ကာလကို ရွှေ့ဆိုင်း ကောက်ခံပေးမယ်သွားမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အသိပေး ကြေညာထားပါတယ်။ အဆိုပါတိုင်းနဲ့ ပြည်နယ် ၃ ခုမှာ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေထံကနေ ချေးငွေရယူထားတဲ့ အသင်းသားတွေအတွက်  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့မှာ ပေးဆပ်ရန်ရှိတဲ့ အရင်းနဲ့ အတိုးတွေကို  ၂၀၂၁ ခုနှစ်၊ ဧပြီလကုန်အထိ ပေးဆပ်ခြင်းမှ ရွှေ့ဆိုင်းပေးဖို့နဲ့ ဒီကာလအတွက် ပေးဆပ်ရန်ရှိတဲ့ အရင်းနဲ့ အတိုးတွေကို ၂၀၂၁ ခုနှစ်၊ မေလမှ အောက်တိုဘာလအထိ အရစ်ကျပြန်လည်ပေးဆပ်နိုင်ရန် စီစဉ်ထားတယ်လို့ဆိုပါတယ်။ ဒီအတွက် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေ နစ်နာမှုမရှိစေဖို့ ဒီကာလအတွက် ချေးငွေရယူထားတဲ့ အသင်းသားတွေထံက ရရန်ရှိတဲ့ အရင်းနဲ့ အတိုးတွေကို မြန်မာ့စီးပွားရေးဘဏ်က သက်ဆိုင်ရာ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေကို ကာလတို အတိုးမဲ့ချေးငွေ ၁ နှစ် သတ်မှတ်ပြီး ထုတ်ချေးပေးမယ်လို့လည်း  အသိပေးကြေညာထားပါတယ်။
2 months Ago

November 17, 2020

တိုင်းနှင့်ပြည်နယ် ၃ ခုတွင် အသေးစားချေးငွေ ပြန်ဆပ်ချိန် ဆိုင်းငံ့ပေးရန်စီစဉ်နေ

ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ပြည်သူတွေအနေနဲ့  အသေးစားငွေချေးငွေ ကြွေးကျန်တွေ ပြန်ဆပ်ချိန်ကို ဆိုင်းငံ့ပေးဖို့အစီအစဉ်တွေ စပြီးတော့ ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ညက နိုင်ငံပိုင် ရုပ်သံကနေ ပြည်သူကို  မိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောဆိုသွားတာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “အသေးစားငွေချေးကိစ္စတွေမှာ တချို့တွေက ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကျမတို့သိခဲ့ရပါတယ်။ အဲဒါက ဘယ်လိုလဲဆိုတော့ အသေးစားချေးငွေ ချေးထားပြီးတော့ ပြန်ပေးရတာ၊ ပြန်ဆပ်ရတာပေါ့။ ပြန်ဆပ်ရတဲ့အခါကျတော့ အသေးစား ငွေချေးတဲ့အဖွဲ့အစည်းတွေကလည်း သူတို့စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ သူတို့စည်းမျဉ်းစည်းကမ်းတွေအရ အချိန်တန်ရင် ပြန်ပြီးတော့ တောင်းရပါတယ်။ တောင်းတဲ့ အခါ ကိုဗစ်ကာလအတွင်းမှာ ပြန်ပြီးတော့မပေးနိုင်တဲ့ ပြည်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ စိတ်ပူပန်ရတယ်။ ပေးစရာရှိလည်းမရှိဘူး။ ဒါတွေကို ကျမတို့ ကြည့်လိုက်တဲ့အခါ ကျမတို့နိုင်ငံရဲ့ ငွေရေး ကြေးရေး အခြေအနေအရ၊ အရင်းအမြစ် အခြေအနေအရ တစ်တိုင်းပြည်လုံးကိုတော့ ဒီကိစ္စမှာကူညီလို့မရပေမယ့် ကိုဗစ်ရောဂါပြန့်ပွားမှုအများဆုံးဖြစ်ပြီး လူဦးရေလည်းများတဲ့ ပြည်နယ်တစ်ခုနဲ့ တိုင်းဒေသကြီးနှစ်ခုကို ရွေးပြီးပါပြီ။ အဲဒါကတော့ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်ပါတယ်။ ရွေးပြီးတော့ အဲဒီက အသေးစားငွေချေးအဖွဲ့၊ အဖွဲ့အစည်းတွေကို ကျမတို့အစိုးရအဖွဲ့နဲ့ ညှိပြီးတော့ ပြန်ဆပ်ရမယ့် ပြည်သူတွေအနေနဲ့ ကြွေးကျန်တွေကိုဆပ်ချိန် ဆိုင်းငံ့ပေးဖို့အစီ အစဉ်တွေ စပြီးတော့ဆောင်ရွက်နေပါတယ်။”လို့ပြောပါတယ်။ ဒါ့အပြင် ချေးငွေလိုအပ်တဲ့ပြည်သူတွေ မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းလေးတွေကို ပံ့ပိုးဖို့အတွက်၊ ချေးငွေ လိုအပ်တဲ့ပြည်သူတွေရနိုင်ဖို့အတွက် ဆွေးနွေးနေပြီး မကြာမီ နှစ်ပတ်၊ သုံးပတ်လောက်အတွင်းမှာ ဘယ်လိုအစီအစဉ်တွေရှိတယ် ဆိုတာ ပြည်သူတွေကို တင်ပြနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ အခြေအနေနဲ့ပတ်သက်ပြီးလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  “အခုအချိန်မှာဆိုရင် အားလုံးသိတဲ့ အတိုင်းပဲ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ရင် တက်လိုက်ကျလိုက်နဲ့ ပျမ်းမျှတစ်နေ့ကို တစ်ထောင်လောက်ကတော့ တန့်နေတဲ့ သဘောရှိပါတယ်။ အဲဒီကနေ အောက်ကျ လာအောင် ကျမတို့ ကြိုးစားရမယ်။ ဒီအချိန်မှာ ကျမတို့အနေနဲ့ သတိထားရမှာ ကတော့ ရွေးကောက်ပွဲနောက်ပိုင်းကာလမှာ လူစုလူဝေးတွေဖြစ်ခဲ့တယ်ဆိုတာ ပြည်သူ တွေ အသိဆုံးပါပဲ။ အဲဒီတော့ ဒီလိုလူစုလူဝေး ဖြစ်တယ်ဆိုရင် ဒီရောဂါပြန့်ပွားနှုန်းဟာ အလားအလာများပါတယ်။”လို့ ပြောပါတယ်။ ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ၊ အတွေ့အကြုံအရဆိုရင်လည်း ကိုဗစ် ရောဂါပိုးဟာ အေးတဲ့ရာသီမှာ နည်းနည်းပိုပြီးတော့ ပွားများရှင်သန်တဲ့ သဘောရှိလို့ ဆောင်းတွင်းရောက်လာတာနဲ့အမျှ ပိုပြီးတော့ သတိထားဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်တွေ ရုပ်မြင် သံကြားကနေ ထုတ်လွှင့်နေတာကို ပြည်သူတွေအနေနဲ့ စိတ်ဝင်စားကြဖို့နဲ့။ မကြာခင်ကာလမှာ ရုပ်မြင်သံကြား ကနေတစ်ဆင့် အွန်လိုင်းကနေပြီး ကျန်းမာရေးကောင်းဖို့ အတွက် ရည်ရွယ်ထားတဲ့ အကပြိုင်ပွဲတွေလည်း လုပ်ဖို့ စီစဉ်နေတယ်လို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ ဓာတ်ပုံ- State Counsellor
2 months Ago
Up