အသေခံဗုံးခွဲ တိုက်ခိုက်ခံရ

October 8, 2019

အာဖဂန် တပ်သားသစ်များ စီးနင်းလာသည့် မီနီဘတ်စ် အသေခံဗုံးခွဲ တိုက်ခိုက်ခံရပြီး  ၁၀ ဦးသေ

အာဖဂန်နစ္စတန်နိုင်ငံ၊ နန်ဂဟာပြည်နယ်၊ ဂျာလာလာဘတ်မြို့ အရှေ့ပိုင်းမှာ အောက်တိုဘာ ၇ ရက်က အာဖဂန်လုံခြုံရေးတပ်ဖွဲ့ တပ်သားသစ်တွေ လိုက်ပါစီးနင်းလာတဲ့ မီနီဘတ်စ်ကား တစီးကို ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရပါတယ်။ ဒါကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ တပ်သားသစ်တွေအပြင် အရပ်သားတွေနဲ့ ကလေးတယောက်လည်း ပါပါတယ်။ ဒဏ်ရာရသူတချို့ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ နန်ဂါဟာပြည်နယ် ကောင်စီအဖွဲ့ဝင်တယောက်က ပြောပါတယ်။ မနေ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လက်ရှိအချိန်ထိ ဘယ်အဖွဲ့ကမှ တာဝန်ယူ ပြောကြားတာ မရှိသေးပါဘူး။ ဒါပေမဲ့ မကြာသေးခင်နှစ်တွေက ဂျာလာလာဘတ်မြို့မှာ အိုင်အက်စ်စစ်သွေးကြွတွေဟာ အစိုးရ ရုံးတွေ၊ စာသင်ကျောင်းတွေနဲ့ အကူအညီ ပေးရေးအဖွဲ့တွေကို ပစ်မှတ်ထားပြီး ဆက်တိုက် အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ဖူးပါတယ်။ ၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေးအတွက် အာဖဂန်အခြေစိုက် တာလီဘန် စစ်သွေးကြွတွေနဲ့ အမေရိကန်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလကပဲ ရပ်ဆိုင်းလိုက်ပါတယ်။ အဲဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ တာလီဘန်အဖွဲ့နဲ့ အာဖဂန်စစ်တပ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့နဲ့ တိုင်းပြည်တည်ငြိမ်ရေးအတွက် ဦးတည်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
2 years Ago
Up