အသိုက်ဆောက် ဥဥရန် ပင်လယ်လိပ်တသိန်းခွဲခန့် မက္ကဆီကိုကမ်းခြေသို့ လာရောက်

August 15, 2017

အသိုက်ဆောက် ဥဥရန် ပင်လယ်လိပ်တသိန်းခွဲခန့် မက္ကဆီကိုကမ်းခြေသို့ လာရောက် (ရုပ်သံ)

ပင်လယ်လိပ်ပေါင်း ၁ သိန်းခွဲလောက်ဟာ နှစ်စဉ် အသိုက်ဆောက် ဥ ဥလေ့ရှိတဲ့ မက္ကဆီကို ကမ်းခြေတွေဆီ တက်လာခဲ့ကြတာ တွေ့ရပါတယ်။ မက္ကဆီကိုနိုင်ငံရဲ့ ဝါဟာကာပြည်နယ်မှာရှိတဲ့ ပလာယာ အစ္စကိုဘေးလား ဘေးမဲ့ကမ်းခြေကို သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ နှစ်စဉ် လာရောက် ဥ ဥလေ့ရှိကြတဲ့ ပင်လယ်လိပ်တွေဟာ တရွေ့ရွေ့နဲ့ သဲသောင်ပြင်ပေါ် တက်လာကြတာကို ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ တွေ့ရပါတယ်။ မျိုးသုဉ်းခါနီး အခြေအနေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ လိပ်တွေကို စောင့်ကြည့်ဖို့အတွက် ဆန်တာမာရီယာ တိုနာမေကာမြို့က အော်လစ်ဗ် ရစ်ဒလေ လိပ်စောင့်ရှောက်ရေး အဖွဲ့ဝင်တွေဟာ ပစိဖိတ်သမုဒ္ဒရာကမ်းစပ်ကို အပြေးအလွှား လာခဲ့ကြပါတယ်။ ၁ သိန်းခွဲနဲ့ ၂ သိန်းကြားရှိတဲ့ လိပ်တွေဟာ ဥပေါင်း ၁၅ သန်းလောက် ဥလိမ့်မယ်လို့ ခန့်မှန်းရပေမယ့် ဥပေါင်း ၁၅ သန်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကပဲ ၄၅ ရက်အတွင်းမှာ သားပေါက်လာမှာဖြစ်တာကြောင့် သူတို့တွေ မျိုးသုဉ်းသွားမှာကို စိုးရိမ်နေရဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လိပ်ကောင်ရေ အမြောက်အမြားကလည်း ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။ လိပ်စောင့်ရှောက်ရေး ကြိုးပမ်းမှုတရပ်အနေနဲ့ ဈေးကြီးတဲ့ လိပ်သားနဲ့ လိပ်စွပ်ပြုတ်တွေကြောင့် လိပ်တွေကို ဖမ်းဆီးလေ့ရှိတဲ့ ဒေသခံ တံငါသည်တွေကိုလည်း မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်နေရတဲ့ လိပ်တွေအကြောင်း အသိပညာပေးတာတွေ လုပ်ခဲ့ပါတယ်။ မက္ကဆီကို ဝါဟာကာပြည်နယ်က ၁၅ ကီလိုမီတာအရှည်ရှိ ပစိဖိတ် ကမ်းရိုးတန်းတလျှောက်မှာ အော်လစ်ဗ်ရစ်ဒလေလိပ်တွေ ဥလာဥလေ့ရှိတဲ့ ဘေးမဲ့ပေး ကမ်းခြေပေါင်း ၁၂ ခု ရှိပါတယ်။ ဒီကမ်းခြေတွေမှာ တနှစ်ကို လိပ်မျိုးကွဲတွေက ၇ ကြိမ်ကနေ ၈ ကြိမ်ထိ ဥလာဥကြလေ့ရှိတယ်လို့ သိရပါတယ်။
4 years Ago
Up