အသိပညာပေး

March 10, 2018

တရားမ၀င် သွားတုတပ်ဆင်မှု မလုပ်ကြရန် ရေးမြို့နယ်တွင် အသိပညာပေး

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အိမ်တိုင်ရာရောက် လိုက်လံပြုလုပ်ပေးနေတဲ့ တရားမ၀င်သွားတုတပ်ဆင်သူများရှိနေပြီး နည်းစနစ်မမှန်တဲ့အတွက် ကင်ဆာရောဂါအထိ ဖြစ်ပွားလာနိုင်လို့ အသိပညာပေးမှုတွေ ဆောင်ရွက်နေပါတယ်။ တအိမ်တက်ဆင်း လိုက်လံတပ်ဆင်ပေးနေတာဖြစ်ပြီး တရားမ၀င်ကျွမ်းကျင်မှုမရှိတဲ့ သွားပြင်သွားစိုက်ကုသသူတွေအနေနဲ့ လိုအပ်သည်ထက်ပိုမိုပြီး သွားဖာခြင်း၊ သွားတုများ အံဝင်ခွင်ကျဖြစ်အောင် မပြုလုပ်ပေးနိုင်ခြင်းတို့ကြောင့် ဒေသခံတွေအနေနဲ့ ဂရုပြုဖို့ လိုအပ်မှာဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ ပညာပေးဟောပြောမှုတွေ ဆောင်ရွက်နေတယ်လို့ ရေးမြို့ပြည်သူ့ဆေးရုံ သွားနဲ့ခံတွင်းအထူးကုဆရာဝန် ဒေါက်တာကင်းရှိန်က ပြောပါတယ်။ ''တဖြည်းဖြည်း ခုနောက်ပိုင်း များလာနေတယ်၊ ဖြစ်ပြီး တကယ့်ဆေးခန်းကို မပြရဲတာလည်းရှိတယ်။ သွားတုပြင်တဲ့နေရာမှာ သုံးတဲ့ဆေးကို ပါးစပ်ထဲမှာ ပုံဖော်ပြီးထည့်လိုက်တယ်၊ ဖိညှစ်လိုက်တာပေါ့၊ ပါးစပ်ရဲ့အပူနဲ့ခဲပြီးခြောက်တယ်၊ သွားတုကိုထုတ်ပြီး ချောလို့လည်း မရတော့ဘူး၊ အနားစွန်းတွေက ချွန်ပြီးရှတယ်၊ တပ်ခါစမှာ မသိဘူး၊ သွားရဲ့သဘောအရ စားမှာဆိုတော့ တစ်ရက်နှစ်ရက်ဆိုချောင်သွားတယ်၊ နောက် နေလို့မရတော့ဘူး၊ ဆိုးရွားတဲ့အခြေအနေတွေလည်း ရှိနေပြီ၊ ဖြုတ်ထုတ်လိုက်တော့ အနာတွေပါဖြစ်နေပြီ၊ မြန်မြန်မကုရင်တော့ ကင်ဆာဖြစ်ပြီ၊ ဒီလိုသာဆက်သွားမယ်ဆိုရင် အဲ့လိုကိစ္စတွေကြောင့် ဖြစ်လာတဲ့ကင်ဆာတွေက များလာလိမ့်မယ်၊ ဒါ သွားလုပ်ရမယ့်နည်း မဟုတ်ဘူး။ လူတွေက လက်မခံဖို့လိုပါတယ်'' ဒေါက်တာကင်းရှိန်က ဆိုပါတယ်။ ကဗျာဝကျေးရွာနေ ဒေသခံတဦးက ''တအိမ်လုပ်တော့ ကျန်တဲ့အိမ်တွေလည်း စိတ်ဝင်စားပြီးလုပ်ကြတာတွေရှိတယ်၊ ဈေးနှုန်းကတော့ မလုပ်ခင်တမျိုး၊ လုပ်ပြီးတမျိုးယူတယ်၊ သူတို့ကိုကြည့်ရတာ ဒီမြို့ကတော့ မဟုတ်ဘူး” လို့ ပြောပါတယ်။ ကင်ဆာအပြင် ကူးစက်တတ်တဲ့ ရောဂါတွေပါ ဖြစ်ပွားလာနိုင်တဲ့အတွက် လတ်တလောအနေနဲ့ ကျေးရွာတွေအတွင်း အသိပညာပေးမှုတွေကို ပြည်သူအများ ဆင့်ပွားသိရှိစေအောင် ဆောင်ရွက်နေကြောင်း ဒေါက်တာကင်းရှိန်က ပြောပါတယ်။ ၀င်းနိုင်သက် ဓါတ်ပုံ - သွားအသိပညာပေးဆောင်ရွက်နေမှု။
4 years Ago

November 25, 2017

မြိတ်တွင် ကင်ဆာနှင့်ပတ်သက်၍ အခမဲ့စမ်းသပ်ကုသ အသိပညာပေး

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းက ဒေသခံတွေကို အခမဲ့စမ်းသပ်ကုသမှုတွေနဲ့ အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကျွန်းစုမြို့နယ်၊ ကျွန်းရတနာခန်းမမှာပြုလုပ်တဲ့ အခမဲ့စမ်းသပ်ကုသမှုကို မြန်မာနိုင်ငံ ဆရာဝန်အသင်း(မြိတ်)နဲ့ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက ဆရာဝန်တွေက ပူးပေါင်းဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး အသိပညာပေးဟောပြောပွဲတွေ၊ စမ်းသပ်ကုသပေးမှုတွေ ဆောင်ရွက်ပေး ခဲ့တယ်လို့ သိရပါတယ်။ “ကျွန်းစုမြို့နယ်က ဒေသခံတွေကို ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး အခမဲ့စမ်းသပ်ကုသတာ တွေလုပ်ပေးခဲ့တယ်။ စမ်းသပ်ကုသမှုကို လူဦးရေ မကန့်သတ်ခဲ့ပါဘူး။ သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်လို့ကတော့ အသက် ၃၀ ကနေ ၅၀ အတွင်း အိမ်ထောင်ပြုပြီးတဲ့ အမျိုးသမီးတွေကို အဓိက စမ်းသပ်ကုသပေးခဲ့တာပါ။ တခြားရောဂါ တွေဖြစ်တဲ့ သွေးချို၊ အဆုတ်ရောဂါတွေကိုလည်း စမ်းသပ်ကုသပေးပါတယ်” လို့ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ဒေါက်တာမိုးအောင်ကျော်နိုင် က ပြောကြားခဲ့ပါတယ်။ ကျွန်းစုဒေသခံတွေအပြင် တနင်္သာရီ ရေတပ်စခန်းဌာနချုပ်က မိသားစုဝင်အများအပြားလည်း လာရောက်စမ်းသပ်ကုမှုခံယူခဲ့တာဖြစ်ပြီး ECG ဆွဲပေးခြင်း၊ အာထရာ ဆောင်းရိုက်ကူးမှုတွေကိုလည်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှာ ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်တွေမှာလည်း အခမဲ့ကုသပေးနေသလို နယ်တွေမှာလည်း စပွန်ဆာဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းများရှိပါက အခမဲ့လိုက်လံ ကုသပေးနေတယ်လို့ သိရပါတယ်။ မြတ်ထွဋ် ( မြိတ် )
4 years Ago
More News
Up