အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်က အရေးကြီးလို့လား

March 2, 2017

အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်က အရေးကြီးလို့လား...

  စီးပွားရေးပညာရှင်တွေက ၂၀ ရာစုရဲ့ ဓနဥစ္စာဟာ ရေနံဖြစ်ပြီး ၂၁ ရာစုရဲ့ စီးပွားဥစ္စာဟာ အသိဉာဏ်ပစ္စည်း  ဖြစ်တယ်လို့ ဆိုကြပါတယ်။ ခေတ်တိုင်းရဲ့ တီထွင်ဆန်းသစ်မှု ဆိုတာတွေကလည်း သိဉာဏ် အခြေခံတရားတွေပေါ်ကနေ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့ရတာပဲ မဟုတ်လား။ နှစ်တွေ ကြာလာတော့ တီထွင်ဆန်းသစ်မှုတွေကလည်း ရှုပ်ထွေးလာသလို တီထွင်မှုအပေါ်မှာ ပိုင်ဆိုင်ခွင့်တွေကလည်း ရှုပ်ထွေးလာခဲ့ပါတယ်။ အစပိုင်းမှာတော့ ဘုရင်နဲ့ မင်းမိဖုရားတွေ ကျေနပ်ရင် မူပိုင်ခွင့် သတ်မှတ်ပေးလိုက်တယ်။ ဒါတွေက ၁၈ ရာစု စက်မှုတော်လှန်ရေးမတိုင်မီက ပေါ်လာခဲ့တာပါ။ ပထမဦးဆုံး မူပိုင်ခွင့်ထုတ်ပေးခဲ့တာက ၁၇၉၀ ဝါရှင်တန်မှာ စတင်ထုတ်ပေးခဲ့တာပါ။ ပထမဆုံး မူပိုင်ခွင့်ညီလာခံကိုတော့ ၁၈၈၆ ခုနှစ်ထဲ ရောက်မှ စတင်ကျင်းပဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အသိဉာဏ် မူပိုင်ခွင့်ရဲ့ သဘောကိုယ်၌က တရားသေသဘော မဆောင်ပါဘူး။ အသစ် အသစ်တွေ ပေါ်လာတိုင်း မူဝါဒတွေလည်း လိုက်ပါပြောင်းခဲ့ရစမြဲပါ။ ပုံနှိပ်စက်ပဲ ရှိချိန်လောက်က မူပိုင်ခွင့်နဲ့ ရုပ်မြင်သံကြားစက်တွေ ပေါ်လာတော့ အသိဉာဏ်မူပိုင်ခွင့်ကို အသစ်ပြဋ္ဌာန်းကြရစမြဲပဲ။ အခုနောက်ပိုင်း ဖေ့စ်ဘုတ် ပေါ်လာတော့ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ကို ထပ်မံတိုးချဲ့ကြရမှာပါ။ အခုချိန်ထိ ဖေ့စ်ဘုတ်၊ ရုပ်မြင်သံကြားနဲ့ပတ်သက်ပြီး အကာကွယ်ပေးမှုနဲ့ မူပိုင်ခွင့်ကို မသတ်မှတ်နိုင်သေးပါဘူး။ ဒါတွေကို လူထုထံ တင်ပြပေးနိုင်ဖို့အတွက် ဒီဗွီဘီ(LawLab) အစီအစဉ်မှာ စီစဉ်တင်ပြဖို့အကြောင်း ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အစီအစဉ်တင်ဆက်သူ ဦးခင်သန်းက “အသိဉာဏ်မူပိုင်ခွင့် ဥပဒေ ဘာကြောင့် မပြဋ္ဌာန်းနိုင်သေးသလဲ” ဆိုတာကို ဆရာအောင်ချိန်ဘွားကို မေးမြန်းခဲ့ပါတယ်။ ဆရာအောင်ချိန်ဘွားက “ဒီဥပဒေ ပေါ်လာတာက တီထွင်ချင်လာအောင်၊ တိုးတက်လာအောင်၊ အကာကွယ်ပြု မက်လုံးပေးတဲ့သဘော ပါတယ်။ စီးပွားရေး တိုးတက်လာတာနဲ့ အငြင်းပွားမှုဆိုတာ ဖြစ်လာတယ်။ ဒါကြောင့် ဥပဒေပညာရှင်တွေက ဒီဥပဒေကို ပြဋ္ဌာန်းဖို့ လုပ်ကြရတာပါ။ အခုတော့ မြန်မာပြည်မှာက ဥပဒေလည်း မရှိဘူး။ ဒီဥပဒေ အမြန်ပြဋ္ဌာန်းဖို့ လိုတယ်။ မပြဋ္ဌာန်းနိုင်ရင် ရှေ့ဆက်သွားဖို့ ခက်မယ်”လို့ ပြောပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းကလည်း “ဥပဒေပြုခွင့်အာဏာ ရှိသူတွေရဲ့ လိုအပ်ချက်လား၊ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ရှေ့နေချုပ်အပိုင်းလား ဆိုတာတော့ မပြောတတ်ဘူး။ နှောင့်နှေးကြန့်ကြာနေတာကတော့ အမှန်ပါပဲ။ အသိဉာဏ် မူပိုင်ခွင့်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့ အကြိမ်ပေါင်း ၃၅ ကြိမ်ခန့် ဆွေးနွေးခဲ့ပါတယ်။ ၂၀၁၀ မှာ မူကြမ်းထွက်လာတယ်။ WIPO နဲ့ WTO တို့က မြန်မာပြည်အတွက် ၂၀၁၃ အထိ စောင့်ဆိုင်းခွင့်ပြုခဲ့ပါတယ်။ ခက်နေတာက ဥပဒေပြုအာဏာပိုင်တွေအပိုင်းက ဒီဥပဒေရဲ့ အရေးကြီးပုံကို နားလည်မှုလွဲနေပုံရတယ်။ နိုင်ငံတကာကလည်း ဒီဥပဒေအပေါ်မှာ ‘ဆားခတ်’ချင်တာတွေက များနေတာကလည်း ကြန့်ကြာမှုကို ဖြစ်စေတယ်လို့ ယူဆကြောင်း ဆွေးနွေးသွားပါတယ်။ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဘယ်လိုတွေ ထိခိုက်လာနိုင်မလဲ ဆိုတဲ့ အမေးကိုတော့ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် အကျိုးဆောင်လုပ်ငန်းရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးမင်းတေဇာညွန့်တင်က အဖြေပေးထားပါတယ်။ သူက ဥရောပနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံလိုသူတွေက သူတို့ ရင်နှီးလိုတဲ့ နိုင်ငံတွေရဲ့ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဥပဒေကို ဦးစွာလေ့လာလေ့ရှိပါတယ်။ ဒီဥပဒေဟာ ပြည်တွင်း ပြည်ပ ရင်းနှီးလိုသူတွေအတွက် တိုက်ရိုက်ကျတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီဥပဒေမှာ ကုန်အမှတ်တံဆိပ်၊ တီထွင်ဆန်းသစ်မှုမူပိုင်ခွင့်၊ စာပေအနုပညာ မူပိုင်ခွင့်၊ စက်မှုလက်မှု မူပိုင်ခွင့် စတာတွေအပြင် ကုန်သွယ်မှု လျှို့ဝှက်ချက်ကို အကာကွယ်ပေးရေးကိုလည်း ထည့်သွင်းပေးဖို့ လိုကြောင်း အကြံပြုဆွေးနွေးသွားခဲ့ပါတယ်။ ဆက်လက်ပြီး တင်ဆက်သူရဲ့ “ဒီဥပဒေ ပြဋ္ဌာန်းရင် ပြည်တွင်းမူပိုင်ခွင့် အကာကွယ်ပေးထားတဲ့ အခြေခံအချက်အချို့ကို ထိခိုက်နိုင်သလား” ဆိုတဲ့ အမေးကိုတော့ စီးပွားရေးပညာရှင် ဆရာအောင်ချိန်ဘွားက “ဒီဥပဒေ ပြဋ္ဌာန်းလိုက်ရင် အကျိုး အပြစ် နှစ်မျိုးစလုံး ကြုံရမှာပဲ”လို့ ဆိုပါတယ်။ အရင်က ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားပေမယ့် ဒီဥပဒေထွက်လာရင် ပြန်လည်းမှတ်ပုံတင်ကြရမှာပါ။ အငြင်းပွားဖွယ်ရာ ပိုင်ဆိုင်ခွင့်တွေနဲ့ မှတ်ပုံမတင်သေးဘဲ ထုတ်လုပ်နေကြတာတွေလည်း ရှိနေတော့ အရင်ဆုံး ကုန်အမှတ်တံဆိပ်မှာ လက်ရှိကျင့်သုံးတဲ့ စနစ်နဲ့ အသစ်ပြဋ္ဌာန်းမယ့် စနစ်နဲ့ကို အသေအချာ ညှိရေးသင့်တယ်လို့ ဦးမောင်မောင်ဝင်းက ဖြည့်စွက်ဆွေးနွေးပါတယ်။ တဆက်တည်းမှာပဲ ဦးတေဇာညွန့်တင်ကတော့ “အချို့သော မြန်မာထွက်ကုန်တွေကို တခြားနိုင်ငံက ကုန်အမှတ်တံဆိပ်တွေနဲ့ မှတ်ပုံတင်ပြီး ထုတ်လုပ်နေတာတွေကို ဥပဒေကြောင်းအရ တိကျစွာ ရေးဆွဲဖို့တော့ လိုပါမယ်။ ဒါဟာ ပထဝီဝင်ဒေသဆိုင်ရာ မူပိုင်ခွင့်ပဲ ဖြစ်တယ်။ နမူနာအနေနဲ့ ပြောရရင် ဂျပန်နိုင်ငံက မြန်မာ့သနပ်ခါးကို သူတို့အမှတ်တံဆိပ်နဲ့ ထုတ်တယ်။ မြန်မာ့သစ်ခွတွေဟာ နိုင်ငံတကာကုန်သွယ်မှုမှာ ရှိနေတယ်။ မျိုးရင်းက မြန်မာကပဲ။ ဒါတွေကိုလည်း အစိုးရက မူပိုင်ခွင့်လုပ်ရမှာပါ”လို့ ဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံးအချုပ်မှာတော့ ဆွေးနွေးသူအားလုံးက တညီတညွတ်တည်း ပြောဆိုတာကတော့ “အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဥပဒေ ကြန့်ကြာတာနဲ့အမျှ တီထွင်မှုအသစ်တွေကလည်း အဆက်မပြတ် ပေါ်လာလေတော့ ဥပဒေက ခေတ်နောက်ကျလေ မဖြစ်ရအောင် အမြန်ဆုံးပြဋ္ဌာန်းဖို့လိုပါကြောင်း” ဆွေးနွေးသွားခဲ့ကြပါတယ်။ ဆွေးနွေးပွဲပြီးတဲ့နောက်မှာတော့ စဉ်းစားဖွယ်ရာတွေ များစွာ ရှိနေပါတယ်။ ‘အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်’ ဆိုတဲ့ ဝေါဟာရကိုယ်၌ကလည်း အလွန်ကျယ်ပြန့်နေတာကို တွေ့ရတယ်။ မူပိုင်ခွင့်ဥပဒေ ကွဲလွဲတာနဲ့အမျှ ဘယ်ဝန်ကြီးဌာနအောက်မှာ ထားမလဲ။ မူပိုင်ခွင့်အမျိုးအစား မတူတာနဲ့အမျှ ဝန်ကြီးဌာနလည်း ကွဲပြားသွားမှာပါ။ ဥပမာ… စာပေအနုပညာ မူပိုင်ခွင့်ဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ တိုက်ရိုက်သက်ဆိုင်သလို စက်မှုဒီဇိုင်းမူပိုင်ခွင့်ကျတော့ စက်မှုဝန်ကြီးဌာနနဲ့ သက်ဆိုင်နေပြန်တယ်။ ဒီလို ကွဲပြားနိုင်တဲ့အတွက် မူပိုင်ခွင့်မှတ်ပုံတင်ရာမှာ ဝန်ကြီးဌာနများရဲ့ လုပ်ငန်းသဘောဆက်စပ်မှုကို အတိအကျ စီမံခန့်ခွဲနိုင်ဖို့ ဘယ်လိုစီမံကြမလဲ ဆိုတာကလည်း အဓိကကျတဲ့အချက်တခု ဖြစ်လို့နေပြန်ပါတယ်။ ဘာပဲပြောပြော အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဥပဒေ တိကျခိုင်မာစွာ ပေါ်ထွက်လာရေးဟာ ခေတ်နဲ့လျော်ညီစွာ ဖြစ်ပေါ်လာစေခဲ့တာမို့ အများပြည်သူက ကြိုဆိုလျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။ ဒီဗွီဘီ
5 years Ago
Up