ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျေးရွာတရွာမှ အဖွားအိုတဦးဟာ ခေါင်းကနေ ခြေဖျားအဆုံးထိ အသားပိုဖုတွေ ပေါက်နေခဲ့တာကြောင့် လူ့အသိုင်းအဝိုင်းကြား ဖယ်ကြဉ်ခံနေခဲ့ရပါတယ်။
ဟော့ဆင်နီယာဘီဂမ် အမည်ရတဲ့ အဲဒီအဖွားအိုကို ခုလို ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ အသားပိုဖုတွေကြောင့် အာလူးသီးအဖွားအိုလို့ နာမည်ပြောင်ပေးထားကြကာ ရွာပြင်မှာ တဦးတည်းသောသားရဲ့ မိသားစုနဲ့အတူ သီးသန့် ခွဲထွက်နေခဲ့ရတာပါ။
“ကျမကိုတွေ့ကြရင် ကလေးတွေက ကြောက်လန့်တကြား ထွက်ပြေးကြတယ်။ ကျမမြေးလေးဆိုရင် ကျမကိုမြင်တာနဲ့ ငိုတော့တာပဲ။ ခုလိုနေနေရတာထက် ကျမ သေသွားတာကမှ ပိုကောင်းပါလိမ့်ဦးမယ်” လို့ သူက ဝမ်းနည်းညှိုးငယ်စွာ ပြောပါတယ်။
အဖွားအို ဟော့ဆင်နီယာဟာ ငယ်စဉ်တုန်းကတော့ ဒီအသားပိုဖုတွေ ရှိမနေခဲ့ဘဲ သူ့ရဲ့ အထက်နှုတ်ခမ်းပေါ်မှာ ဝက်ခြံဖုတွေနဲ့ မျက်နှာနဲ့ လည်ပင်းတဝိုက်မှာ အဖုအနည်းငယ်သာ ပေါက်နေခဲ့တာပါ။
ဒါပေမယ့် ဒေသတွင်း ရမ်းကုဆရာဝန်တဦးက ဒီအသားပိုဖုတွေကို ဖြတ်ထုတ်ခဲ့ပြီး နောက်မှာတော့ အခြေအနေဟာ ပိုမိုဆိုးဝါးလာခဲ့ပြီး တချို့အသားပိုဖုတွေဆိုရင် တင်းနစ်ဘောလုံးတလုံးရဲ့ အရွယ်အစားလောက်ထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ခုချိန်မှာတော့ သူ့ရဲ့ ဒီအခြေအနေကို ဘယ်လိုမှ ကယ်မရနိုင်တော့ဘဲ ရှိနေခဲ့တာပါ။
သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က အသားပိုဖုတွေဟာ နာကျင်လွန်းလို့ စကားကောင်းကောင်းမပြောနိုင်တာအပြင် စားတာတွေ၊ အဝတ်လဲလှယ်ဝတ်ဆင်တဲ့ ကိစ္စတွေမှာပါ အခက်အခဲတွေနဲ့ ကြုံနေခဲ့ရပါတယ်။
သူဟာ အသက် ၁၆ နှစ်အရွယ်တုန်းကတော့ ခုလိုကြုံတွေ့ရလိမ့်မယ်လို့ မျှော်လင့်ထားမိမယ် မထင်ပါဘူး။
ဖခင်ဖြစ်သူက သူ့ကို ရွာတွင်းမှ အလုပ်သမားတဦးနဲ့ အိမ်ထောင်ချပေးခဲ့ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပါ။
သားတဦး ထွန်းကားခဲ့ချိန်မှာတော့ သူ့ရဲ့အဖုတွေဟာ ယားယံလွန်းတာမို့ ရမ်းကုဆရာဝန်နဲ့ ပြသဖြတ်ထုတ်ပစ်လိုက်ပြီးနောက်မှာ ကံကြမ္မာဆိုးတွေ ဆက်တိုက်ဖြစ်လာခဲ့တာပါ။
လက်ရှိမှာတော့ ဒီအခြေအနေနဲ့ ဆယ်စုနှစ် ၆ ခုစာလောက် ရွာပြင်မှာ သီးခြားနေထိုင်နေခဲ့ရတဲ့ အဖွားအို ဟော့ဆင်နီယာမှာ မျှော်လင့်ချက်တွေ မရှိတော့ပါဘူး။
“ကျမမှာ တခြားမျှော်လင့်ချက်တွေ မရှိတော့ပါဘူး။ ကျမ ခုလိုအခြေအနေနဲ့ နေထိုင်ခဲ့ရပြီးပါပြီ။ ခုချိန်မှာတော့ ကျမ ဒီနာကျင်မှုတွေကနေ လွတ်မြောက်ချင်နေပါပြီ။ ဘုရားသခင်ကသာ ကျမကို ကူညီနိုင်ပါလိမ့်မယ်။ ခုလိုနာကျင်မှုတွေနဲ့ နေထိုင်နေရတာထက် သေသွားတာကမှ ပိုကောင်းပါလိမ့်ဦးမယ်။”
6 years Ago