အသားညှပ်ပေါင်မုန့်

August 30, 2018

အရှည်ဆုံး အသားညှပ်ပေါင်မုန့် စံချိန်ချိုးရန် မက္ကဆီကို စားဖိုမှူးများ ဖန်တီး

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တော်မှာ တော့တာ အသားညှပ်ပေါင်မုန့် အကြီးစားကို စံချိန်ချိုးဖို့ စားဖိုမှူးတွေ သြဂုတ် ၂၉ ရက်က ဖန်တီးကြပါတယ်။ ၂၂၉ ပေရှည်တဲ့ အသားညှပ်ပေါင်မုန့်ဟာ လက်တင်အမေရိက ဒေသအတွင်း အရှည်ဆုံး အသားညှပ်ပေါင်မုန့်အဖြစ် ဒေသတွင်း စံချိန်သစ်တင်ထားပါတယ်။ တော့တာ အသားညှပ်ပေါင်မုန့်ဟာ အင်မတန် လူကြိုက်များတဲ့ မက္ကဆီကန် အဆာပြေစားစရာတမျိုးလည်း ဖြစ်ပါတယ်။ ရိုးရာ အသားညှပ်ပေါင်မုန့်တွေနဲ့မတူဘဲ တော့တာ အသားညှပ်ပေါင်မုန့်က အရွယ်ပိုကြီးပြီး ထုတ်ကုန်အမျိုးမျိုး အသုံးပြု ဖန်တီးထားပါတယ်။ ဆလတ်ရွက်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတွေကို မယိုးနိစ်၊ မုန်ညင်းနက်တို့စရာ၊ ငရုတ်ဆီတို့ အပါအဝင် အမယ် ၆၀ ကျော်နဲ့ ရောနှော ဖန်တီးထားပါတယ်။ လတ်တလောနှစ်တွေအတွင်း အမြန်မှာယူနိုင်တဲ့ စားစရာဈေးကွက်ထဲမှာ တော့တာ အသားညှပ်ပေါင်မုန့်ကို စားသုံးမှု တိုးလာနေပါတယ်။
3 years Ago

June 30, 2018

အဆိပ်သင့် အသားညှပ်ပေါင်မုန့်ကြောင့် ၂၁ ဦး သေဆုံးခဲ့မှု ဂျာမန်ရဲတပ်ဖွဲ့ ပြန်စစ်ဆေး

၂ဝဝဝ ပြည့်နှစ်က ဂျာမနီကုမ္ပဏီတခုမှာ အဆိပ်သင့် အသားညှပ်ပေါင်မုန့်တွေနဲ့ ပတ်သက်ပြီး သေဆုံးခဲ့သူ ၂၁ ဦးအမှုကို ဂျာမန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ အဲဒီအမှုအတွက် သံသယရှိသူ အသက် ၅၆ နှစ်အရွယ်  ကုမ္ပဏီဝန်ထမ်းကို ပြီးခဲ့တဲ့ မေလတုန်းက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလူဟာ လုပ်ဖော်ကိုင်ဖက်ဖြစ်သူရဲ့ ထမင်းဘူးကို ဖွင့်ပြီး အသားညှပ် ပေါင်မုန့်တွေ အတွင်း အမှုန့်တချို့ ဖြူးနေတာကို လုံခြုံရေး ကင်မရာကနေ မြင်တွေ့ရတယ်လို့ ရဲက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် သူ့ကို ဖမ်းဆီးပြီးနောက်မှာ သူ့အိတ်အတွင်း အမှုန့်တွေ ထည့်ထားတဲ့ ပုလင်းငယ် တလုံးကို ရှာတွေ့ခဲ့တယ်လို့လည်း ရဲက ဆိုပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါ သံသယရှိသူရဲ့ တိုက်ခန်းအတွင်းကနေ ပြဒါး၊ ခဲနဲ့ ကက်ဒမီယံ ဒြပ်စင်တွေကို ကျွမ်းကျင်သူက တွေ့ရှိခဲ့ပါတယ်။ အခုအခါမှာတော့ ဂျာမန်ရဲတပ်ဖွဲ့ဟာ ၂ဝဝဝ ခုနှစ်ကစပြီး အဲဒီကုမ္ပဏီမှာ သေဆုံးခဲ့တဲ့ ဝန်ထမ်းဟောင်း  ၂၁ ဦး ရဲ့ သေမှု သေခင်းကို ပြန်လည်စုံစမ်းနေပြီ ဖြစ်ပါတယ်။
3 years Ago
Up