အသားစိမ်း ငါးစိမ်းသည်

A d v e r t i s e m e n t With Us

March 15, 2020

ကူးစက်ရောဂါ မဖြစ်ပွားရေး ချောက်မြို့မစျေး သား၊ ငါးသည်များကို စည်းကမ်းချက်များ ထုတ်

မကွေးတိုင်း၊ ချောက်မြို့ မြို့မဈေးအတွင်းက အသား၊ ငါး ရောင်းချနေတဲ့ ဈေးသည်တွေကို တိရစ္ဆာန်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ဖြစ်ပွားမှုမရှိစေဖို့ စည်းကမ်းချက်တွေ ထုတ်ပြန်လိုက်ပြီး မလိုက်နာပါက အရေးယူသွားမယ်လို့ ချောက်မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းက ပြောပါတယ်။ “သားသတ်လုပ်တဲ့လူတွေက အဲဒီရဲ့ သွေးတွေပေါ့နော်၊ စဉ်ပြီးတော့ ခန္ဓာကိုယ်ပေါ် ရောက်မယ်။ ရောက်ပြီးတော့မှ တကယ်လို့ ရောဂါရှိတဲ့ အနေအထားရှိရင် သူတို့ သားသတ်လူတွေ ကူးမယ်။ ပြီးရင် သူတို့အချင်းချင်း ကူးမယ်ပေါ့။ ဖြစ်နိုင်‌ခြေအများဆုံး ဖြစ်တယ်ဆိုပြီးတော့မှ အသားစိမ်းသည်တွေကို လိုက်နာရမယ့် စည်းကမ်းချက်တွေ၊ လိုက်နာမှုမရှိခဲ့ရင် အရေးယူဆောင်ရွက်သွားမယ်။” ချောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦး၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ဒေါက်တာအေးမင်းဇော်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းတို့က မြို့ဈေးမှာ ရောင်းချနေတဲ့ အသားစိမ်း ငါးစိမ်းသည်တွေ၊ သားသတ်ရုံ လုပ်ငန်းရှင်တွေကို မြို့စည်ပင်သာယာရေးအဖွဲ့ ရုံးခန်းမမှာ အခုအပတ်အတွင်း နှစ်ကြိမ် ခွဲခေါ်ပြီး ပြောဆို သတိပေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းကို အထူးဂရုပြု ကြီးကြပ်ဆောင်ရွက်ဖို့၊ တိရစ္ဆာန်မှတဆင့် ကူးစက်ရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ကို မကွေးတိုင်းအစိုးရအဖွဲ့က ညွှန်ထားတယ်လို့ သိရပါတယ်။ သားသတ်လုပ်ငန်းလုပ်ကိုင်သူတွေကနေ တိရစ္ဆာန်‌သွေးနဲ့ တိရစ္ဆာန်က ထွက်ရှိတဲ့ အရည်တွေ လူခန္ဓာကိုယ်နဲ့ တိုက်ရိုက်မထိတွေ့စေရေးအတွက် ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊ ရှေ့ဖုံးအကာအင်္ကျီ ဝတ်ဆင်တာ၊ လက်အိတ် ‌ခြေဖိနပ်အရှည် ဝတ်ဆင် အသုံးပြုဖို့နဲ့ လုပ်ငန်းပြီးဆုံးပါက လက်ကို သေချာစွာ ဆေးကြောစေရေး အစရှိတဲ့ ဇီဝလုံခြုံရေးနည်းစနစ်တွေ အထူးလိုက်နာ ကျင့်သုံးရမယ်လို့ သိရပါတယ်။ ကိုလင်း(ချောက်)
12 months Ago
Up