အသရေဖျက်

May 15, 2020

အမေရိကန်အစိုးရ၏ အသရေဖျက်မှုကို တရုတ် ပြစ်တင်ရှုတ်ချ

အမေရိကန်အစိုးရရဲ့ အသရေဖျက်မှုကို တရုတ်က ပြစ်တင်ရှုတ်ချတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မေလ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။ တရုတ်အစိုးရနဲ့ ပတ်သက်နေတဲ့ ဆိုင်ဘာဖောက်ထွင်းသူတွေဟာ အမေရိကန်ရဲ့ ကိုဗစ်-၁၉ သုတေသနကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောအပြီး ခုလို တုံ့ပြန်လိုက်တာပါ။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး တမင် အဖျက်အမှောက်လုပ်ဖို့ အားထုတ်တဲ့ အွန်လိုင်းပေါ်က ဘယ်လုပ်ရပ်မဆို ပြစ်တင်ရှုတ်ချထိုက်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တရုတ်နဲ့ ပတ်သက်တဲ့ ဆိုင်ဘာ ဖောက်ထွင်းသူတွေဟာ အမေရိကန် အဖွဲ့အစည်းတွေထဲကို ဒစ်ဂျစ်တယ် နည်းအရ ဖောက်ထွင်း ဝင်ရောက်မှုကို အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရို FBI ဟာ စုံစမ်းစစ်ဆေးနေတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ သုတေသနတွေနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ရက်တွေရဲ့ စမ်းသပ်ချက်တွေ၊ အများပြည်သူဆိုင်ရာ သတင်းအချက်အလက်တွေ၊ ကာကွယ်ဆေး ကုသဆေးနဲ့ ဉာဏပစ္စည်းတွေကို တရားမဝင်ရယူဖို့ ကြိုးစားနေသူတွေကို ဖော်ထုတ်နိုင်ရေး FBI က စောင့်ကြည့်ခဲ့တယ်လို့ FBI နဲ့ အမိမြေ လုံခြုံရေးဌာနတို့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။  ဆိုင်ဘာ ဖောက်ထွင်းသူ ဟက်ကာတွေနဲ့ သူတို့ရဲ့ ပစ်မှတ်က ဘယ်သူတွေ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ကြေညာချက်က မဖော်ပြခဲ့ပါဘူး။ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း စွဲချက်တွေ အားလုံးက အလိမ်အညာတွေလို့ ပြောဆို ရှုတ်ချခဲ့ပါတယ်။
1 year Ago
Up