အသတ်ခံရမှု

September 8, 2021

မုံရွာမြို့နယ် သက္ကယ်ကျင်း‌ကျေးရွာက စစ်ကောင်စီထောက်ခံသူ ၁ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာက စစ်ကောင်စီကို ထောက်ခံအားပေးသူတစ်ဦး စက်တင်ဘာ ၇ ရက်နေ့‌က အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသားတစ်ဦးက “ကိုအောင်ဝင်းကြည်ရဲ့ လည်ပင်းကို ဓားနဲ့လှီးသတ်ထားခဲ့ကြတယ်ဗျ။ ဘယ်ချိန်က သတ်သွားတယ်ဆိုတာကိုတော့ မသိဘူး။ အချိန်အတိအကျတော့ မသိဘူး၊ အသတ်ခံရတာတော့ စက်တင်ဘာ ၇ ရက်နေ့ အသတ်ခံရတာကတော့ သေချာတယ်ဗျ။ အဓိကတော့ စကားပြော မဆင်ခြင်တာပေါ့ဗျာ။ ဒီလူက စစ်အာဏာသိမ်းတာအောင်မြင်ရင် ရွာမှာဇာတ်ပွဲငှားပြီးကြည့်မယ်၊ ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး လူမုန်းအောင် လူတိုင်းကိုပြောနေတာ။ သူ့အလုပ်အကိုင်ကတော့ နွားပွဲစားလုပ်တယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူ ကိုအောင်ဝင်းကြည်ကို ဘယ်အဖွဲ့အစည်းက သတ်သွာတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

သူဟာ သပိတ်စစ်ကြောင်းတွေမှာ ပါဝင်သူတွေကို မှတ်သားပြီး ခြိမ်းခြောက်တယ်၊ စစ်ကောင်စီကို သတင်းပေးတာတွေ လုပ်တာတွေတော့ ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

5 months Ago

December 13, 2020

မုံရွာအခြေစိုက် အလဲဗင်းသတင်းထောက် အသတ်ခံရမှု စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆို

မုံရွာအခြေစိုက် အလဲဗင်းသတင်းထောက် အသတ်ခံရတာ ၄ နှစ်ပြည့်ပြီဖြစ်ပေမယ့် အမှုမှန်မပေါ်ပေါက်သေးတဲ့အတွက် အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး သတင်းသမားများကွန်ရက် (SRJN) က သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတာ ၂၀၂၀၊ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ဆိုရင် ၄ နှစ်ပြည့်ပြီးဖြစ်ပေမဲ့ လက်ရှိအချိန်အထိ အမှုမှန်မပေါ်သေးတဲ့အတွက် မိသားစုဝင်နဲ့အတူ ထပ်တူဝမ်းနည်းရတယ်လို့ ဆိုပါတယ်။ အသတ်ခံရတဲ့ညမှာ အမှုဖွင့်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးဖော်ထုတ်ကြဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပေမဲ့ ဒီနေ့အချိန်အထိ ထူးခြားမှုမရှိသေးတဲ့အတွက် ဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။ အခုလို အမှုမှန်မဖော်ထုတ်နိုင်တာဟာ သတင်းသမားနဲ့ သတင်းမီဒီယာလောကကိုပါ တိုက်ရိုက်ခြိမ်းခြောက်ရာရောက်သလို သတင်းထောက်တစ်ယောက်ကို သတ်ဖြတ်တာဟာ ပြည်သူတွေရဲ နား၊ မျက်စိတွေကို ဖျက်ဆီးပစ်တာနဲ့ တူတယ်လို့ ဆိုပါတယ်။ အဲလိုလုပ်ရပ်ဟာ ဒီမိုကဒေစီနိုင်ငံသစ်ဆီ သွားနေတဲ့နိုင်ငံမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာလောကကို သင်းကွပ်ရာရောက်တာကြောင့် အမှုကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ တောင်းဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကိုစိုးမိုးထွန်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာ ၁၃ ရက် မနက် ၁ နာရီလောက်အချိန်က မုံရွာမြို့ ပြည်ထောင်စုလမ်းဘေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာတွေနဲ့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပြီး လူသတ်မှု ကျူးလွန်သူတွေကို အခုချိန်ထိ ဖမ်းမမိသေးပါဘူး။ သတင်းထောက် ကိုစိုးမိုးထွန်းဟာ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ သစ်မှောင်ခိုသတင်းတွေ၊ တရားမဝင်ဖျော်ဖြေရေးလုပ်ငန်း သတင်းတွေ ရေးသားတင်ဆက်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ သတင်း - ကိုကျော်မင်းသန့်
1 year Ago
More News
Up