အသည်းရောင် အသားဝါစီပိုး

October 6, 2020

အသည်းရောင် အသားဝါစီပိုးကို ဖော်ထုတ်နိုင်ခဲ့တဲ့သူ ၃ ဦး ဆေးပညာဆိုင်ရာ နိုဘယ်ဆုရ

အသည်းကင်ဆာနဲ့ အသည်းကြွက်သားမျှင်တွေ ရောင်ရမ်းမာကျောစေတဲ့ အသည်းရောင် အသားဝါစီပိုးကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် အမေရိကန် သိပ္ပံပညာရှင်  နှစ်ယောက်နဲ့ ဗြိတိန် တစ်ယောက်တို့ ၂၀၂၀ ဆေးပညာဆိုင်ရာ နိုဘယ်ဆု ရရှိသွားပါတယ်။ အမေရိကန် သိပ္ပံပညာရှင် ဟာဗေးအော်လ်တာ၊ ချားလ်စ်ရိုက်စ်နဲ့ ဗြိတိန် သိပ္ပံပညာရှင် မိုက်ကယ်ဟို့တွန်တို့ဟာ အသည်းရောင်  အသားဝါ စီဗိုင်းရပ်စ်ကို အပြီးတိုင် ချေမှုန်းနိုင်တဲ့ အခွင့် အရေးကိုရှာတွေ့ခဲ့လို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁သန်းနဲ့ နိုဘယ်ဆုကို ရသွားပြီလို့ နိုဘယ်ညီလာခံက အောက်တိုဘာ ၅ ရက်မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။ ကမ္ဘာတဝန်း အသည်းရောင်  အသားဝါ စီပိုး ကူးစက်ခံ လူနာ ၇၁ သန်းရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး WHO က ခန့်မှန်းထားပြီး ၂၀၁၆ တနှစ်တည်းမှာ စီပိုးကြောင့် သေဆုံးသူ ၃၉၉၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ ဒီနှစ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ ဆိုက်ရောက်နေပေမယ့် နိုဘယ်ဆုပေးတာကို ခါတိုင်း စီစဉ်ထားတဲ့အတိုင်း ဆက်လက် ကျင်းပမှာပါ။ သမားရိုးကျ အခမ်းအနားပွဲစဉ်တွေကိုတော့ နိုဘယ်ဖောင်ဒေးရှင်းက ဖျက်သိမ်းပြီး ဆုတံဆိပ်နဲ့ ဆုလက်မှတ်တွေ ပေးပုံကို ရုပ်သံကနေ ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။  ဒီနှစ် ဆုရှင်တွေကို ကပ်ဘေးလျော့ပါးပြီလို့ မှတ်ယူရတဲ့ ၂၀၂၁ ခုနှစ်ကျမှ အဲ့ဒီနှစ်အတွက် ဆုရှင်တွေနဲ့အတူ ဆုပေးပွဲကို ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။ နှစ်စဉ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို အစောဆုံး ပေးအပ်ပါတယ်။ သိပ္ပံ၊ ငြိမ်းချမ်းရေးနဲ့ စာပေအတွက် စွမ်းဆောင်နိုင်သူတွေကို နိုဘယ်ဆု ချီးမြှင့်လာတာ ၁၉၀၁ ခုနှစ်တည်းကပါ။ ဒိုင်းနမိုက်ကို တီထွင်သူနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး အဲဖရဒ်နိုဘယ်ရဲ့ သေတမ်းစာအရ နိုဘယ်ဆုကို ဖန်တီး ချီးမြှင့်နေတာလည်း ဖြစ်ပါတယ်။
7 months Ago
Up