အသည်းကင်ဆာ နောက်ဆုံးအဆင့်ဖြစ်နေသည့် လျူရှောင်ဘိုကို နိုင်ငံခြားဆရာဝန်များ လာရောက်ကြည့်ရှု

July 12, 2017

အသည်းကင်ဆာ နောက်ဆုံးအဆင့်ဖြစ်နေသည့် လျူရှောင်ဘိုကို နိုင်ငံခြားဆရာဝန်များ လာရောက်ကြည့်ရှု

အသည်းကင်ဆာ နောက်ဆုံးအဆင့်ဖြစ်နေတဲ့ တရုတ်လူ့အခွင့်အရေးလှုပ်ရှားသူ လျူရှောင်ဘိုကို နိုင်ငံခြားဆရာဝန်တွေ လာရောက်ကြည့်ရှုတဲ့ ဗွီဒီယိုခွေကို ဇူလိုင် ၉ ရက်နေ့မှာ ဆိုရှယ်မီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်း ကူညီရေးသားမှုနဲ့ လျူရှောင်ဘိုကို တရုတ်အစိုးရက နိုင်ငံတော်အာဏာ ထိပါးတယ်ဆိုပြီး ၂၀၀၉ ခုနှစ်မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် လျူရှောင်ဘိုဟာ အသက် ၆၁ နှစ်ရှိပြီဖြစ်ပြီး မကြာခင်ကမှ အကျဉ်းထောင်ကနေ ရှန်းယန်ဆေးရုံကို ကင်ဆာရောဂါကုသဖို့ ပြောင်းရွှေ့ခံရတာ ဖြစ်ပါတယ်။ ဂျာမနီ ဟေဒယ်ဘာ့ဂ်တက္ကသိုလ်မှ ဆရာဝန်က “တရုတ်ပြည်က ဆရာဝန်တွေက ကျနော်တို့ကို အကူအညီတောင်းတာ သိပ်ကောင်းပါတယ်။ သူတို့တွေက ခင်ဗျားအမျိုးသားကို သိပ်ကိုကုပေးချင်ကြတာ” လို့ ပြောခဲ့ပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး သုတေသီက “တရုတ်အစိုးရဟာ လျူရှောင်ဘိုကို နိုင်ငံခြားမှာ ဆေးကုသခွင့် မပြုသေးဘူးဆိုရင် သူဟာ တရုတ်နိုင်ငံမှာ အထိန်းသိမ်းခံဘဝနဲ့  သေဆုံးမှာပါပဲ။ ဆေးအာမခံနဲ့ လွှတ်ပေးတယ်ဆိုတာ တကယ်လွတ်တာ မဟုတ်ပါဘူး။ သူဟာ အထိန်းသိမ်းခံဘဝမှာ ရှိနေဆဲပါပဲ” လို့ ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေး ပြောခွင့်ရပုဂ္ဂိုလ်က “ကျေန်ာတို့ အကြိမ်ကြိမ် သဘောတူပြီးပါပြီ။ တရုတ်နိုင်ငံဟာ တရားဥပဒေစိုးမိုးတဲ့နိုင်ငံ ဖြစ်ပါတယ်။ အားလုံးကို ဥပဒေနဲ့အညီ တပြေးတည်း ဆက်ဆံပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေကလည်း တရုတ်နိုင်ငံရဲ့ တရားစီရင်ခွင့်အာဏာကို လေးစားပြီး တသီးပုဂ္ဂလ အမှုတွေအတွက်နဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားပါတယ်။ ဆန္ဒပြသူတဦးက “လျူရှောင်ဘိုကို ချစ်မြတ်နိုးသူတိုင်းဟာ တရုတ်သံရုံးတွေကို သွားပြီး တရုတ်အစိုးရက လျူရှောင်ဘိုကို သူ့ဆန္ဒအတိုင်း ဆေးကုသခွင့်ပြုတဲ့အထိ တောင်းဆိုကြပါ” လို့ ပြောသွားခဲ့ပါတယ်။ တရုတ် လူ့အခွင့်အရေးလှုပ်ရှားသူ လျူရှောင်ဘိုဟာ စာရေးဆရာ၊ စာပေဝေဖန်ရေးဆရာနဲ့ ပါမောက္ခတဦးဖြစ်ပြီး ၂၀၁၀ ခုနှစ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပါတယ်။
5 years Ago
Up