အသစ်ပြန်ဆောက်မည်

June 15, 2017

မော်လမြိုင်-လှိုင် အဝေးပြေးယာဉ်ရပ်နားစခန်း(မြေနီကုန်း) အသစ်ပြန်ဆောက်မည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့ လှိုင်အဝေးပြေးယာဉ်ရပ်နားစခန်း(မြေနီကုန်း) ကို ပြုပြင်တော့မှာ မဟုတ်ဘဲ အသစ်ပြန်လည်တည်ဆောက်သွားမယ်လို့ ပြည်နယ်အစိုးရ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးက ပြောပါတယ်။ အဆိုပါ ကားဝင်းကို နေရာတိုးချဲ့ပြီး ပြန်လည်ပြုပြင်ဖို့ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်က တင်သွင်းခဲ့တဲ့ အဆိုနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြုပြင်တိုးချဲ့ဖို့ အစီစဉ်မရှိကြောင်း ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြန်လည်ဖြေကြားခဲ့တာပါ။ ဝန်ကြီး ဦးမင်းထင်အောင်ဟန်က “ကားဝင်းအဟောင်းကလည်း ကျဉ်းကျဉ်းလေးဖြစ်နေပြီ။ ကုန်ကားတွေအတွက်လည်း နေရာမရှိဘူး။ မော်လမြိုင်တမြို့လုံးမှာ ကုန်ကားတွေ ရပ်စရာနေရာ မရှိဘူး။ ကုန်ကားတွေရော၊ လူစီးကားတွေနဲ့ ဂိုဒေါင်တွေရော အကုန်လုပ်ထားရမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ကားဝင်းအသစ်ဆောက်လုပ်ပါက ပြည်သူ့ဘဏ္ဍာငွေ ကုန်ကျစရိတ် ပိုမိုများပြားနိုင်တာကို ထောက်ပြပြီး လက်ရှိကားဝင်းကိုသာ မြေနေရာ ထပ်မံတိုးချဲ့စေလိုတယ်လို့ သူက ထောက်ပြပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်က “ဒီကားဝင်းက ဆောက်ထားတာ ၁၀ နှစ် နီးပါးလောက်ရှိသွားပြီ။ အခု ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတွေက ပိုပြီးများလာတော့ ကားဝင်းနေရာ ကြပ်တည်းလာတဲ့အတွက် ကားဝင်းအနောက်က ၂ ဒသမ ၄၃ ဧကလောက် ကျန်နေသေးတယ်။ အဲဒါကို တိုးချဲ့ပေးဖို့ပါ။ အသစ်ဆောက်မယ့်အစား ကျန်ရှိနေတဲ့မြေကိုပဲ ထပ်တိုးချဲ့လိုက်ရင် ဘဏ္ဍာငွေကိုလည်း ခြိုးခြံချွေတာရာ ကျပါတယ်။ ဥပမာ သိန်းတထောင် ကုန်ကျမယ့်နေရာမှာ သိန်းသုံးရာလောက် တိုးချဲ့တဲ့နေရာမှာ သုံးလိုက်မယ်ဆိုရင် အဆင်ပြေမှာပါ။ အရင်က ဈေးကြိုကားဝင်းလို မဖြစ်အောင်ပေါ့” လို့ ပြောပါတယ်။ အရင်က မော်လမြိုင်မြို့ရဲ့ အဓိက ကားဝင်းတခုဖြစ်ခဲ့တဲ့ ဈေးကြို အဝေးပြေး ယာဉ်ရပ်နားစခန်းဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း လှိုင်အဝေးပြေးယာဉ်ရပ်နားစခန်း(မြေနီကုန်း) ကို တည်ဆောက်ပြီးနောက်ပိုင်း ကုန်တင်ယာဉ်များသာ ရပ်နားခွင့်ပြုတဲ့ ယာဉ်ရပ်နားစခန်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။ လှိုင်အဝေးပြေးကားဝင်းကို အသစ်ပြန်ဆောက်ရင် ကားဝင်းထဲက ဆိုင်ခန်းတွေနဲ့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကိုလည်း ရယူဖို့လိုကြောင်းနဲ့ လက်ရှိကားဝင်းကိုသာ တိုးချဲ့ဆောက်လုပ်ရေးအတွက် နောက်လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာလည်း ဆွေးနွေးတင်ပြသွားမှာဖြစ်ကြောင်း၊ မြေနီကုန်းကားဝင်းလို မြို့လယ်ခေါင်ကျတဲ့ မြေနေရာ မရှိတော့ကြောင်း သူက ဆက်ပြောပါတယ်။ မွန်ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်ကတော့ ဒီအစီအစဉ်ဟာ လိုက်ထရပ်ကားတွေနဲ့ အဝေးပြေးယာဉ်လိုင်းတွေ ခွဲထုတ်နေရာချမှာဖြစ်တယ်လို့ ပြောပါတယ်။ သူက “ကားလိုင်းတွေများလာတဲ့အတွက် ကားဝင်းကတော့ နေရာလုံလောက်မှုမရှိတာ အမှန်ပါပဲ။ အသစ်ဆောက်တာတို့၊ အဟောင်းကို တိုးချဲ့တာတို့ကျတော့ အစိုးရအဖွဲ့ရဲ့ သဘောထားပါပဲ။ အခုကားဝင်းအဟောင်းမှာကျတော့ မွန်ပြည်နယ် ၁၀ မြို့နယ်ကလာတဲ့ လိုက်ထရပ်လေးတွေ ရပ်နားစခန်းလုပ်မယ်။ မှန်လုံအဝေးပြေးယာဉ်လိုင်းတွေကျတော့ အသစ်ဆောက်မယ့် ကားဝင်းမှာ နေရာချထားမယ်လို့တော့ ကြားတာပေါ့” လို့ ပြောပါတယ်။ မော်လမြိုင် လှိုင်အဝေးပြေးကားဝင်းကို ၂ဝဝ၆ ခုနှစ် ဧပြီလက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အကျယ်အဝန်း ၄ ဒသမ ၁၇ ဧက ရှိသော်လည်း ၂ ဒသမ ၄၃ ဧက ကျန်ရှိနေသေးကြောင်း၊ ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီရုံး အပါအဝင် အခန်းပေါင်း ၁ဝ၈ ခန်းရှိပြီး ကားဂိတ်ဖွင့်ထားတဲ့ အခန်း ၃၅ ခန်းနဲ့ ဈေးဆိုင်ခန်း ၇၃ ခန်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
4 years Ago
Up