အခုချိန်မှာ ကိုင်ဟားဗတ်ဇ်အနေနဲ့ တခြားအသင်းကို ပြောင်းမယ့်အစား လေဗာကူဆင်အသင်းမှာပဲ ဆက်နေဖို့ စဉ်းစားသင့်တယ်လို့ ဂျာမနီကွင်းလယ်လူဟောင်း မိုက်ကယ်ဘားလက်က အကြံပြုလိုက်ပါတယ်။
ဂျာမနီ ဘောလုံးလောကရဲ့ အနာဂတ်လို့ သတ်မှတ်ခြင်းခံထားရတဲ့ ဟားဗတ်ဇ်ဟာ အသက် ၂၀ ပဲ ရှိပါသေးတယ်။ သူဟာ အသက် ၁၇ နှစ်အရွယ်ကတည်းက လေဗာကူဆင်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ရွေးချယ်ခံခဲ့ရသူ ဖြစ်ပြီးတော့ စံချိန်ပေါင်းများစွာကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။
လေဗာကူဆင်နဲ့အတူ ပြသနေတဲ့ ခြေစွမ်းကြောင့် သူ့ကို ဘိုင်ယန်မြူးနစ်၊ လီဗာပူး စတဲ့ ဥရောပထိပ်သီးအသင်းကြီးတွေက စိတ်ဝင်စားနေပါတယ်။
လိုက်ပစ်ဇ်အသင်းရဲ့ တီမိုဝါနာထက်စာရင် ဟားဗတ်ဇ်ကို ဦးစားပေး ခေါ်ယူသင့်တယ်လို့တောင် လီဗာပူး ကွင်းလယ်လူဟောင်း ဟားမန်းက တိုက်တွန်းခဲ့ပါသေးတယ်။
ဂျာမနီ လက်ရွေးစင်ကစားသမားဟာ လေဗာကူဆင်အသင်းနဲ့ ၂၀၂၂ အထိ စာချုပ်ကျန်ရှိနေပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ အထိ သတ်မှတ်ထားပါတယ်။
ဒါပေမဲ့ ဘားလက်ကတော့ ဟားဗတ်ဇ်ကို လေဗာကူဆင်အသင်းမှာပဲ ဆက်နေစေချင်နေပါတယ်။
“သူ့လို ကစားသမားမျိုး ကိုတခြားအသင်းတွေက လိုချင်ကြတာ မဆန်းပါဘူး။ ဒါပေမဲ့ ကျနော့်အမြင်မှာတော့ သူဟာ လေဗာကူဆင်မှာလည်း အဆင်ပြေနေပါတယ်။ လေဗာကူဆင် အသင်းဟာ အလားအလာရှိတဲ့ လူငယ်ကစားသမားတွေအတွက် တော်တော်လေးကောင်းပါတယ်။ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်၊ ကစားပုံတွေဟာ ကောင်းမွန်ပြီးတော့ ကစားသမားတယောက်အနေနဲ့ အမှားလုပ်မိတယ်ဆိုရင်တောင် စောင့်ကြည်ဝေဖန်မှုတွေကနေ ကင်းလွတ်ခွင့် ရနိုင်ပါတယ်။ ဟားဗတ်ဇ်လို ကစားသမားမျိုးက ချန်ပီယံလိဂ် ကစားဖို့ ထိုက်တန်တာကြောင့် လေဗာကူဆင်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ လိုအပ်တယ်” လို့ ဘားလက်က ပြောပါတယ်။
ဘားလက်ဟာ လေဗာကူဆင်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့သူတဦးလည်း ဖြစ်ပါတယ်။
ဟားဗတ်ဇ်ဟာ ပြီးခဲ့တဲ့နှစ်ကစလို့ ဥရောပထိပ်သီးအသင်းကြီးတွေရဲ့ အပြောင်းအရွှေ့ ပစ်မှတ်ဖြစ်လာခဲ့ပြီး ဒီရာသီမှာလည်း လေဗာကူဆင်အသင်းအတွက် ၆ ဂိုးသွင်းကာ ၅ ဂိုး ဖန်တီးပေးထားသူ ဖြစ်ပါတယ်။
11 months Ago