ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ အေဂျက်ဇ်အသင်းကို အနိုင်ရရှိခဲ့ပေမဲ့ အသင်းရဲ့ ကစားပုံကို အားရခြင်း မရှိဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ဝန်ခံ ပြောဆိုပါတယ်။
အမ်စတာဒမ်အရီနာမှာ ကစားခဲ့တဲ့ပွဲမှာ လီဗာပူးအသင်းဟာ အေဂျက်ဇ်နောက်ခံလူ နီကိုလပ်စ်တက်လီယာဖီကိုရဲ့ ပထမပိုင်း ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အခုလို အနိုင်ရရှိခဲ့ပေမဲ့ လီဗာပူးအသင်းဟာ ဒီပွဲမှာ ရုန်းကန်ခဲ့ရပြီး အေဂျက်ဇ်အသင်းကို အခွင့်အရေးတချို့ ခွင့်ပြုပေးခဲ့ရပါတယ်။
ဖာဘင်ဟိုရဲ့ ဂိုးစည်းပေါ်ရှင်းထုတ်မှုနဲ့ အေဂျက်ဇ်အသင်းဘက်က တိုင်ထိမှုတို့ကြောင့်သာ သက်သာရာရခဲ့တာဖြစ်ပါတယ်။
ကလော့ပ်က လီဗာပူးဟာ ဒီပွဲမှာ ပိုကောင်းအောင် ကစားခဲ့နိုင်သင့်တယ်လို့ ပြောခဲ့ပေမဲ့ ဥရောပ ပြိုင်ပွဲအစမှာတင် ၃ မှတ်အပြည့်ရရှိခဲ့ခြင်းအပေါ် ဝမ်းသာမိတယ်လို့ ဆိုပါတယ်။
“ဒီပွဲကိုအနိုင်ရရှိဖို့ လုံ လောက်ခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ လိုအပ်နေတဲ့အရာပါပဲ။ ၂ သင်းစလုံးက အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ကွင်းရဲ့အခြေအနေအပါအဝင် တခါတလေ အဆင်မပြေတာတွေလည်း ရှိခဲ့ပါတယ်။ ၃ ရက်လောက်က ကွင်းရဲ့အခြေအနေက တမျိုးဖြစ်ခဲ့ပြီး မနေ့ လေ့ကျင့်ရေးဆင်းတော့ အခြေအနေက ထပ်မံပြောင်းလဲသွားခဲ့ပါတယ်” လို့ ပွဲအပြီးမှာ ကလော့ပ်က ပြောပါတယ်။
ဒါ့အပြင် အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ အဆုံးမသတ်နိုင်ခဲ့ဘူးလို့လည်း ကလော့ပ်က ပြောပါတယ်။
“ ကျနော်တို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အဆုံးမသတ်နိုင်ခဲ့ပါဘူး။ အေဂျက်ဇ်ဘက်ကလည်း တိုင်ထိခဲ့တဲ့ အလုံးရှိခဲ့ပါတယ်။ ၁ ဂိုးတည်းနဲ့ကပ်နိုင်နေတဲ့အချိန်မှာ ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အားလုံးကို ချုံပြောရရင်တော့ ဒီပွဲကို အနိုင်ရရှိခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ကျနော်တို့ ကစားပုံမှာ လိုအပ်ချက်တွေရှိခဲ့ပေမဲ့ အနိုင် ၃ မှတ် ရရှိဖို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၃ မှတ်ရ ရှိခဲ့ပါတယ်။”
ဗန်ဒိုက်က တရာသီလုံး အနားယူရမယ့်အခြေအနေမှာ မာတစ်ပါဒဏ်ရာ ပြဿနာ ရှိနေခဲ့တာကြောင့် လီဗာပူးအသင်းဟာ အေဂျက်ဇ်အသင်းကို ရင်ဆိုင်ဖို့ ကွင်းလယ်လူဖာဘင်ဟိုကို ဂိုမက်ဇ်နဲ့တွဲဖက် ကစားစေခဲ့ပြီး ဂိုးသမားနေရာကိုလည်း အက်ဒရီယန်က ဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမာနေးဟာ မိနစ် ၆၀ မှာတင် လူစားလဲခံခဲ့ရတာကို တွေ့ခဲ့ရပါတယ်။
လူစားလဲပြီးနောက် အရန်ခုံတန်းပေါ်မှာလည်း မာနေးဟာ သူ့ခြေထောက်ကို ရေခဲကပ်နေတာ မြင်တွေခဲ့ရပေမဲ့ ကလော့ပ်ကတော့ မာနေးရဲ့အခြေအနေဟာ စိုးရိမ်စရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။
2 years Ago