အသင်း ၇ သင်းဖြင့် စတင်ကျင်းပမည်

A d v e r t i s e m e n t With Us

November 25, 2016

ပထမဆုံးအကြိမ်ကျင်းပမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲ အသင်း ၇ သင်းဖြင့် စတင်ကျင်းပမည်

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် အမျိုးသမီးလိဂ်ပြိုင်ပွဲမှာ အသင်း ၇ သင်း ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၁၀ ရက်မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် ကမ္ဘောဇဘဏ်က အဓိက စပွန်ဆာအဖြစ် ကျပ်သိန်း ၃၀၀၀ ပံ့ပိုးကူညီထားပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကလည်း အမေရိကန်ဒေါ်လာ ၄ သောင်း ထောက်ပံ့ပေးတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။ အမျိုးသမီးလိဂ်ပြိုင်ပွဲမှာ အားကစားနဲ့ ကာယပညာသိပ္ပံက ၂ သင်း၊ ကာကွယ်ရေးက ၂ သင်း၊ ဇွဲကပင်အသင်း၊ တက္ကသိုလ်လက်ရွေးစင်အသင်းနဲ့ ပြည်ထဲရေးအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို နှစ်ကျော့စနစ်နဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ချန်ပီယံဆုရတဲ့ အသင်းကို ကျပ်သိန်း ၁၅၀၊ ဒုတိယရအသင်းကို ကျပ်သိန်း ၁၀၀ နဲ့ တတိယရတဲ့အသင်းကို ကျပ်သိန်း ၅၀ ချီးမြှင့်မှာဖြစ်ပါတယ်။ အမျိုးသမီးလိဂ်ကော်မတီက ပြိုင်ပွဲဝင်အသင်းတသင်းကို ကျပ်သိန်း ၂၀၀ ပံ့ပိုးပေးမှာဖြစ်ပြီး အသင်းတသင်းမှာ လက်ရွေးစင်အဆင့် ကစားသမား ၁၀ ဦးလောက်ပဲ ကစားခွင့်ပေးမှာဖြစ်တယ်လို့ အမျိုးသမီးလိဂ်ကော်မတီဥက္ကဋ္ဌ ဦးလှဌေးက ပြောပါတယ်။ အမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ကစားသမားတဦးကို လစာ ၁ သိန်းခွဲကနေ ၂ သိန်းအတွင်း ရရှိမှာဖြစ်ပြီး ၀န်ကြီးဌာနအသင်းတွေက မဟုတ်တဲ့ ကစားသမားတွေကိုတော့ အခုပမာဏထက် ပိုပေးဖို့ရှိတယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ -လွှမ်းမိုးအောင်
4 years Ago
Up