အသင်းကြီးအများစု အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲများ

September 5, 2017

အသင်းကြီးအများစု အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲများ

၂၀၁၈ ခုနှစ် ရုရှားနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်နေရာ မနေ့ညက ဥရောပဇုန် ခြေစစ်ပွဲတွေမှာတော့ အသင်းကြီးအများစု အနိုင်ရခဲ့ကြပါတယ်။ မနေ့ညက ယှဉ်ပြိုင်တဲ့ ဥရောပဇုန် အုပ်စု စီ ပွဲစဉ်တွေမှာ အဇာဘိုင်ဂျန်က ဆန်မာရီနိုကို ၅ ဂိုး ၁ ဂိုး၊ ဂျာမနီက နော်ဝေကို ၆ ဂိုး ဂိုးမရှိ၊ မြောက်အိုင်ယာလန်က ချက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အုပ်စု စီမှာ ၈ ပွဲစီကစားအပြီး ဂျာမနီက ရမှတ် ၂၄ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး မြောက်အိုင်ယာလန်က ၁၉ မှတ်နဲ့ ဒုတိယ၊ အဇာဘိုင်ဂျန်က ၁၀ မှတ်နဲ့ တတိယ၊ ချက်က ၉ မှတ်နဲ့ စတုတ္ထ၊ နော်ဝေက ၇ မှတ်နဲ့ ပဉ္စမ၊ ဆန်မာရီနိုက အမှတ်မရသေးဘဲ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ ဥရောပဇုန် အုပ်စု အီး ပွဲစဉ်တွေမှာတော့ ဒိန်းမတ်က အာမေးနီးယားကို ၄ ဂိုး ၁ ဂိုး၊ မွန်တီနီဂရိုးက ရိုမေးနီးယားကို ၁ ဂိုး ဂိုးမရှိ၊ ပိုလန်က ကာဇက်စတန်ကို ၃ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရသွားပါတယ်။ အုပ်စု အီးမှာ ၈ ပွဲစီ ကစားအပြီး ပိုလန်က ၁၉ မှတ်နဲ့ အုပ်စု ပထမ၊ မွန်တီနီဂရိုးနဲ့ ဒိန်းမတ်က ရမှတ်တူ ၁၆ မှတ်၊ သွင်းဂိုး၊ ဂိုးကွာခြားချက်တွေ အားလုံးတူညီနေပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရထားတဲ့ မွန်တီနီဂရိုးက အုပ်စု ဒုတိယ၊ ဒိန်းမတ်က တတိယ၊ ရိုမေးနီးယားက ၉ မှတ်နဲ့ စတုတ္ထ၊ အာမေးနီးယားက ၆ မှတ်နဲ့ ပဉ္စမ၊ ကာဇက်စတန်က ၂ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ ဥရောပဇုန် အုပ်စု အက်ဖ် ပွဲစဉ်တွေမှာတော့ အင်္ဂလန်က ဆလိုဗက်ကီးယားကို ၂ ဂိုး ၁ ဂိုး၊ စကော့တလန်က မော်လ်တာကို ၂ ဂိုး ဂိုးမရှိ၊ ဆလိုဗေးနီးယားက လစ်သူယေးနီးယားကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီအုပ်စုက ၈ ပွဲစီ ကစားအပြီးမှာတော့ အင်္ဂလန်က ရမှတ် ၂၀ နဲ့ အုပ်စု ပထမ၊ ဆလိုဗက်ကီးယားက ၁၅ မှတ်နဲ့ ဒုတိယ၊ ဆလိုဗေးနီးယားက ၁၄ မှတ်နဲ့ တတိယ၊ စကော့တလန်ကလည်း ၁၄ မှတ်ပဲရပေမယ့် ဂိုးကွာခြားချက်အရ စတုတ္ထ၊ လစ်သူယေးနီးယားက ၅ မှတ်နဲ့ ပဉ္စမ၊ မော်လ်တာက အမှတ်မရသေးဘဲ အုပ်စုအောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago
Up